Zawgyi ဖြင့်ဖတ်ရန်

 

ထိုအကြောင်းအရာသည် စိတ်ဝင်စားဖွယ်ဖြစ်သည်။ ဂမ္ဘီရ လောက၏ အထွတ်အထိပ် လျှို့ ဝှက် ချက်ဟု ဆိုနိုင်သည်။ စကြာမင်းနှင့် စကြာရတနာ အကြောင်း၊ စက္ကောမ အတတ်ပညာအကြောင်းများကို ဗုဒ္ဓစာပေများတွင် ဖတ်ရှုရသည်။ထိုလေ့လာဖတ်ရှုရ မှုများကြောင့် မဟုတ်နိုင်၊ မဖြစ်နိုင်ဘဲ ရေးသားဖော် ပြထားခြင်းဟု ပြော၍မရပါ။ မြတ်ဗုဒ္ဓ ၏ စာပေ များသည် ဒဏ္ဏာရီများ မဟုတ်ပါ။ ပါရမီတော်စဉ်လျောက်၍ ဖြတ်သန်းခဲ့သော ဘဝ အတွေ့အကြုံပေါင်းများစွာမှ ထွက်ပေါ်တော်မူလာခြင်းဖြစ်ကြောင်းကို ကျွန်ုပ်တို့ လက်ခံနိုင်ကြမည်သာ ဖြစ်သည်။

သိပ္ပံနည်းမကျပါဟု အချို့က မိမိတို့သိထားသော ဗဟုသုတ အနည်းငယ် နှင့် စောဒကတက်လေ့ ရှိကြပါသည်။ သိပ္ပံကို ဝိဇ္ဇာတည်းဟူသော သိမှု (အဆုံးစွန်သော သိမှု)နှင့် နှိုင်းယှဉ်ခြင်းငှာ မသင့်တော်ပါ။ သိပ္ပံပညာ ဟူသည် ဓာတ်သဘာဝများကိုလက်တွေ့ ပေါင်းစပ်ခြင်း၊လေ့လာသုတေသနပြုခြင်းသဘော များသာ ဖြစ်သည်။ ထိုသို့ပြုလုပ်ဆောင်ရွက်ခြင်း များသည် ဝိဇ္ဇာပညာ၏ ကိုင်းတက်(သို့မဟုတ်) အစိတ်အပိုင်းမျှသာဖြစ်သည်။ ဥပမာ – ယနေ့ စကားပြောဆက်သွယ်နေသော တယ်လီဖုန်းဖြင့်ကမ္ဘာ့နေရာအနှံ့အပြားကို အချိန်ပိုင်း အတွင်း ဆက်သွယ်နိုင်သည်။

ကမ္ဘာ့ဖြစ် စဉ်များကို အင်တာနက်မှတစ်ဆင့် ကမ္ဘာကြီးကို လက်ဝါးပေါ် တင်ပြီး ကြည့်ရှုနိုင်သည်။ ထိုပညာများ သည် ယနေ့ သိပ္ပံပညာအသီးအပွင့်များဖြစ်သည်။သိပ္ပံခေတ်များသို့ မရောက်မီကပင် ရှေးနှစ်ပေါင်းများ စွာက လောကီဓရဝိဇ္ဇာရှင်ကြီးများ၊ ဈာန်အဘိညာဉ်ရ ပုဂ္ဂိုလ်ထူးကြီးများသည် စိတ်အတတ်နှင့် ကမ္ဘာပေါင်း များစွာက ဖြစ်ရပ်များကို သိမြင်ခဲ့ကြသည်။မြေကြီးကို လျှိုးဝင်ခြင်း၊ကောင်းကင်တွင် ပျံသန်းခြင်းပြုခဲ့ကြသည်။ ခန္ဓာလွင့်ခြင်းအတတ်နှင့် စကြဝဠာအနှံ့ ခရီးဆန့် ခဲ့ကြသည်။ ဈာန်အဘိညာဉ် ရသော ရဟန္တာကြီး များကမူ ဆိုဖွယ်မရှိအောင် အနန္တတန်ခိုးကို ပိုင်ဆိုင်တော်မူခဲ့ကြသည်။ ဤသို့ဆိုလျှင် ယနေ့သိပ္ပံပညာရပ်များသည် ယနေ့ခေတ် ကမ္ဘာကြီး၌ အလွန်ခေတ်နောက်ကျစွာ တွေ့မြင်သိရှိလာခြင်းဟု ဆိုရပါလိမ့်မည်။ဝိဇ္ဇာပညာသည် စိတ်တစ်လုံးသာ အဓိက ဖြစ်သည်။ အခြားမည်သည့်အထောက်အကူပစ္စည်းမှ မလိုပါ။ လျှပ်စစ်၊ ကွန်ရက် စသော ချိတ်ဆက် ကိရိယာများ၏ အပ၌သာရှိသည်။ ဆောင်းပါး၏ လိုရင်းသဘောကို တင်ပြပါ မည်။ မြန်မာလူမျိုးနှင့် အချို့သော ကမ္ဘာ့နိုင်ငံများတွင် ပြောဆိုနေကြသော စကြာမင်း အုပ်ချုပ်သော စနစ် အကြောင်းဖြစ်သည်။

 

စကြာမင်း အကြောင်းကို ယနေ့ ကမ္ဘာကြီးတွင် ဒဏ္ဍာရီဆန်၍ ကြောင်တောင်တောင် အယူအဆ တစ်ခုဟု ထင်မှတ်ကြသည်။ သို့ငြားလည်း စကြာမင်း စွဲလမ်းသူများကို ကျွန်ုပ်မြင်ဖူးသည်။ ရဟန်း တစ်ပါးဖြစ်သော ကျွန်ုပ်သည် ဝတ်ဆောက် တည်ရန် ပဲခူးတိုင်းအတွင်းရှိ ဒိုက်ဦးမြို့နယ်ဖအောင် ဝဲရွာကြီးသို့ ရောက်သွားခဲ့ဖူးသည်။ ထိုရွာတွင် ရက်အတန်ကြာ သီတင်းသုံးနေစဉ်ရဟန်းအတတ်၊ ပိဏ္ဏပတ်ဆိုသည့်အတိုင်း ပိဏ္ဏပတ် ဆွမ်းခံကြွခဲ့သည်။ ထိုရွာရှိ ဆွမ်းလောင်းလှူတို့ ထဲတွင် ရှေးဆန်ဆန် ဒကာကြီးတစ်ဦးကိုတွေ့ခဲ့ရ သည်။

ထိုဒကာကြီးသည် နေ့စဉ် သံဃာတော်များကိုဆွမ်းလောင်းလှူခဲ့သည်။သူသည် သန့်ရှင်းသပ် ရပ်စွာ ဝတ်စားထားပြီး ကြွေရေသုတ်ဇလုံကြီးနှင့် အပြည့် ကောက်ကြီးဆန်နှင့်ချက်ထားသည့် ဆွမ်းများကို သံဃာတော်များကိုရိုသေစွာလောင်းလှူသည်။ တစ်ခါလောင်းပြီးတိုင်း နှုတ်ဖျားမှ ဤသို့ရေရွတ် ဆုတောင်းခဲ့သည်။‘‘ဤကောင်းမှုကြောင့် စကြာဝတေးမင်းကြီး ဖြစ်ရပါလို၏…အရှင်မြတ်တို့ဘုရား …’’ ဟူ၍ ဖြစ်သည်။ ထိုဆုတောင်းကို တစ်နေ့တည်းမဟုတ်။ နေ့စဉ် ဆွမ်းလောင်းလှူပြီးတိုင်း နှုတ်မှအသံထွက်၍ ပီသကြည်လင်သောအသံကြီးဖြင့် လေးလေးနက် နက်ဆုတောင်းခြင်း ဖြစ်ပါ၏။ ထိုဒကာကြီးကို ကျွန်ုပ် သတိရနေသည်။ သူသည် စကြာဝတေးမင်းကြီး ဖြစ်ချင်သော သာမန်ကျေးလက်ဒေသနေ မြန်မာလူမျိုး တောင်သူတစ်ဦးသာဖြစ်လေသည်။ စိတ်တွင် ကြံစည်တွေးတောနေရုံမက နှုတ်ဝစီမြွက်၍ ဆု တောင်းခဲ့သည်။ ထိုကဲ့သို့သော မြန်မာလူမျိုးများ အဘယ်မျှရှိသည်ကို တွေးကြည့်မိပါသည်။

မြန်မာ့ သမိုင်းစဉ်တွင် စကြာမင်းဟူ၍ မရှိသော်လည်း စကြာမင်းလောင်းဆိုသူများ၊ စကြာမင်းဟု မိမိကိုယ်ကို ထင်မှတ်ခဲ့သူများ ရှိခဲ့ဖူးပါသည်။သရေခေတ္တရာခေတ်တွင် ပျူဘုရင် ဒွတ္တဘောင်မင်းကြီးသည် လှံ စကြာပိုင်ရှင်ဖြစ်သည်။ သူသည် မိမိကိုယ်ကို စကြာမင်းဟု ယုံကြည်ကြောင်း သမိုင်းစာမျက်နှာများတွင် ဖတ်ရှုရသည်။ ကုန်းဘောင်ခေတ်တွင် ဗဒုံမင်း(ခေါ်)ဘိုးတော်မင်း တရားကြီး၏မြစ်တော်လေးသည် စကြာမင်း၏ အင်္ဂါရပ်လက္ခဏာများနှင့် ပြည့်စုံသူဟု အယူ တော်ရှိခဲ့သည်။ စကြာကိုယ်တော်လေးဟု လူအများက ပြောဆိုကြပြီး ညောင်ရမ်းမြို့ကို စားခွင့်ရခဲ့သည်။ နောင်တွင် ရေမှာဖျောက်ဖျက်ခံရစဉ် ဘိုးဘိုးအောင် (ဝိဇ္ဇာကြီး)က ကယ်တင်စောင့်ရှောက်ထားသည်ဟု ဆိုလေသည်။

မြန်မာတို့သည် ယနေ့ခေတ်တိုင် ဘိုးဘိုးအောင်နှင့် အစောင့်ရှောက်ခံစကြာမင်းသားလေး ကို မျှော်နေကြသည်။ အချို့ ဘုရားစေတီများတွင် စကြာမင်းနှင့် ဘိုးဘိုးအောင်ရုပ်တုတို့ကို အထိန်း အမှတ်ပြုလုပ်တတ်ကြသည်ကို တွေ့ရသည်။ ထိုသမိုင်းဖြစ်စဉ်များသည် ဗုဒ္ဓစာပေများတွင် ဖတ်ရှုရသော စကြာဝတေး မန္ဓတ်မင်းအကြောင်းများ၏ သြဇာသက်ရောက်မှုဟု ဆိုနိုင်ပါသည်။ မြတ်ဗုဒ္ဓဒေသနာတော်တွင် စကြာမင်းနှင့် စကြာရတနာများအကြောင်းပါသည်။

စကြာမင်းဟူ သည် ‘‘စကြာယာဉ်ရသောမင်း’’ဟု မြန်မာအဘိဓာန်တွင် ဖွင့်ဆိုထားသည်။စကြာယာဉ်ကို စကြာမင်း တို့သာ စီးနင်းခွင့်ရသော အထူးယာဉ်ဟုဆိုသည်။ စကြာမင်းနှင့်ပတ်သက်၍ မဟာသုဒသနဇာတ်၊ ကလိင်္ဂဗောဓိဇာတ်၊မန္ဓတ်မင်းဇာတ်တို့တွင် တွေ့ရ သည်။ စကြာမင်းသည် ရှေးဆုတောင်းနှင့် ပါရမီ ပြည့်စုံသောအခါကာလတွင် ခြေဖဝါး၌ စကြာပုံတောင်း တံဆိပ်လက္ခဏာပါပြီး မွေးဖွားလာရသည်။ကျွန်းကြီးလေးကျွန်းနှင့်တကွ မြင်းမိုရ်တောင်ကိုပင် စိုးမိုး ခွင့်ရသည်ဟု ဆိုလေသည်။ စကြာမင်း၏ အင်္ဂါရပ် များမှာ –

၁။ စကြာပုံတောင်းရတနာ

၂။ ဆင်ပျံရတနာ

၃။ မြင်းပျံရတနာ

၎။ ပတ္တမြားရတနာ

၅။ မြောက်ကျွန်းသူ မိဖုရားရတနာ

၆။ သားကြီးသြရသရတနာ

၇။ သူဌေးရတနာ ဟူသော ရတနာခုနစ်ပါး ပိုင်ဆိုင်သည်ဟုဆိုပါသည်။စကြာမင်းသည် ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ အရိယာတို့မှလွဲလျှင် လူတွင် အမြင့်မြတ်ဆုံးသော ပုဂ္ဂိုလ်ဖြစ်သည်။

ရတနာသုံးပါးကို ကိုးကွယ်သူ၊ ဗုဒ္ဓတရားတော်ကိုကျင့်သုံးသူတို့သည် နိဗ္ဗာန်တိုင် မျက်မှောက်ပြုနိုင်ပါသည်။ စကြာမင်း အုပ်ချုပ်သော တိုင်းပြည်၌နေထိုင်ကြသော ပြည်သူ ပြည်သားတို့သည် သီလစောင့်ထိန်းပြီး၊ သူတော်ကောင်းတရား ကို လက်ကိုင်ထားသူများဖြစ်၍ လက်ရှိ ဘဝ၌လည်း ပြည့်စုံကောင်းမွန်သော လူမှုဘဝနှင့် ကြုံကြရပြီး တမလွန်ဘဝ၌လည်း စကြာမင်းကြီးနှင့်အတူ နတ် ရွာသို့ လားရောက်ကြရကြောင်း ဆိုပါသည်။

စကြာ မင်းတွင် ကျင့်စဉ်ရှိသည်။အင်္ဂုတ္တရပါဠိတော်၌ စကြာမင်းကျင့်ဝတ်သုံးပါး၊ စကြာမင်းကျင့်ဝတ် ၁၂ ပါးနှင့် စကြာမင်းဖြစ်ကြောင်း ကုသိုလ်သုံးပါးတို့ကို ဖော်ပြထားပါသည်။စကြာမင်း၏ စီးတော်ယာဉ် စကြာရတနာ ကို(စကြာပုံတောင်း) ဟုခေါ်သည်။ နွားလှည်းဘီးသဏ္ဍာန်ရှိသော လည်ပတ်နိုင်သည့်ယာဉ်ပင်ဖြစ်သည်။စကြာဆိုသည်မှာ လည်ပတ်နိုင်သည့်ယာဉ်ပင် ဖြစ်သည်။ စကြာဆိုသည်မှာ လည်ပတ်တတ်သော စက် ဟုဆိုသည်။ ထိုယာဉ်ပျံကား အစွမ်းကြီးမားသည်။ ကောင်းကင်သို့ ပျံတက်နိုင်သည်။မြေလွာကို လှစ် ခွဲ၍ သွားနိုင်သည်။ ထိုသို့သွားရာတွင် မင်းကို အမှူး ပြု၍ ဗိုလ်ပါ၊ ပရိသတ်နှင့်တကွ လေးကျွန်းလုံးသို့ လှည့်လည်နိုင်သည်။ အထက်နတ်ပြည်သို့လည်း တက်နိုင်သည်ဟု (မန္ဓတ်စကြာမင်းဝတ္ထု)တွင် ဖော် ပြထားလေသည်။ ဤတွင် စကြာမင်းသည် လူသားဖြစ်ပါလျက်ဤမျှဆန်းကြသော ပါရမီကုသိုလ်ထူးပိုင်ရှင် ဖြစ်ရ သည်မှာ အံ့သြစရာ၊ မယုံနိုင်စရာ ဖြစ်နေသည်။

လောကကြီးတွင် မဖြစ်နိုင်သော အကြောင်းတရား ပေါင်းများစွာ ရှိသည်ဟု ထင်မှတ်ရပါသော်လည်း မဖြစ်နိုင်ဟုဆိုရန် ခဲယဉ်းသောဖြစ်စဉ်များ ရှိနေတတ် ပါသည်။ မိမိတို့ဉာဏ်မမီခြင်း၊ မသိနားမလည်ခြင်းသာဟု ယူဆမိပါသည်။ မတွေ့၍ မယုံ၊ မမြင်မကြား ၍ မသိနိုင်ဘဲ အရှိတရား၊ အမှန်တရားများသည် မောဟအမှောင်ဖုံးလွမ်းနေခြင်းကြောင့် လုံးလုံး လျားလျား ပျောက်ကွယ်နေတတ်ပါသည်။ ထိုသဘော များကို ယနေ့ခေတ်တွင်ပင်ကျွန်ုပ်တို့ မမြင်ရသော် လည်း ဝိဇ္ဇာရှင်များ၊ ဈာန်အဘိညာဉ်ရသူများက သိ နိုင်မြင်နိုင်စွမ်း ရှိကြပါသည်။ စကြဝဠာကြီးသည် အမှန်ပင် လျှို့ ဝှက်သော သဘော ရှိပါ၏။ ထိုသဘောကိုသိရန်ဖြူစင်သော သီလနှင့်အကျင့်စရဏ မှန်လျှင် သိနိုင်ကြသည်သာ ဖြစ်ပါ၏။

 

ပါရမီရှိသူ၊ ဆုပန်ချက်ရှိသူများက ပို၍ သိပိုင်ခွင့်ရှိတတ်ကြပါသည်။ ဝိဇ္ဇာရှင်ပုဂ္ဂိုလ်တို့က ပဌာန်းဆက်ရှိသူ ပါရမီရှင်တို့ကို ကူညီလေ့ရှိကြပါ သည်။ ထိုသူသည် အရှင်မွေး နေ့ခြင်းကြီး ဆိုသကဲ့ သို့ အသိပေါက်လွယ်လှပါသည်။ ဝိဇ္ဇာပညာရှင်ကြီးတို့သည် ထွက်ရပ်အတတ်ကို ကျင့်သုံးရာတွင်ပြဒါးဓာတ်ကို အသုံးချခြင်းနှင့် အခြားသော အင်း၊ အိုင်၊ စမ အတတ်များကို အသုံး ချတတ်ကြပါသည်။ ဝိဇ္ဇာတို့၏ အဆင့်မြင့်ပညာရပ်မှာမူ စက္ကောမ အတတ်ခေါ် သမထကျင့်စဉ် (စိတ်အတတ်) သာ ဖြစ်လေသည်။ စက္ကောမအတတ်ကို သမထကျင့်စဉ်ပြီးမြောက် အောင်မြင်ခြင်းဟု ဆိုနိုင် သည်။

သူတို့သည် အာကာသကသိုဏ်းစက်များကို အထူးပြု၍ လေ့ကျင့်ကြသည်။ အဆင့်မြင့်လာသောအခါ မိမိတို့၏ရုပ်ခန္ဓာများကို ထားခဲ့ပြီး လေ့ကျင့်ထားသော ကသိုဏ်းစက်ဝန်းမှတစ်ဆင့် အငွေ့သဏ္ဍာန် ရုပ်ခန္ဓာကို ဝိညာဉ်သွားရာ လွင့်မျောလိုက်ပါကြတော့ သည်။ စက္ကောမအတတ်ရှင် ဝိဇ္ဇာတို့သည် သူတို့၏ အာကာသစက်ဝန်းနိမိတ်ဖြင့်စကြာယာဉ်တစ်မျိုးကို ဖန်တီးနိုင်ကြသည်။ ထိုစကြာယာဉ်သည် စက္ကောမ ပညာရပ်၏စွမ်းအားကိုလိုက်၍ အမျိုးမျိုးဖြစ်နိုင်သည်။ ဘဲငန်းကြီးသဏ္ဍာန်၊ ဆင်သဏ္ဍာန်၊ ဂဠုန်ငှက်သဏ္ဍာန်၊လှည်းဘီး၊ ပန်းရထား၊ယခုခေတ်သုံး ဟယ်လီကော်ပတာ၊ လေယာဉ်ပျံ စသည်ဖြင့် စိတ်သွားရာ ဖန်တီးနိုင်ကြသည်။ ဗုဒ္ဓစာပေတွင်စက္ကောမအတတ်အကြောင်း ကို ဥတေနရာဇာဝတ္ထုတွင် တွေ့ရသည်။ ၎င်း အတတ်ကို‘‘ဘူတူတ၊ဝါဟန’’ အတတ် ဟု ခေါ်သည်။

စက်ကြိုးယန္တရားအတတ် ဟုလည်း သုံးနှုန်းခဲ့သည်။ ‘‘ကဋဝါဟန’’ဇာတ်တွင် ကောသမ္ဗီပြည့်ရှင် ဗောဓိ ကုမုမ္မာရမင်းသည်ကဋဝါဟနအမည် ရှိသော ဗိသုကာကြီးကို ‘‘ကော်ကနု’’အမည်ပြာသာဒ် ဗိမာန်တော်ကြီးကို တည်ဆောက်စေသည်။ ထိုဗိမာန်ကြီးမှာ သူတစ်ပါးတို့ လိုက်မမီအောင် ထူးခြားခမ်းနား သည်။ မင်းသည် နှောင်းလူတို့ ဤထက်ကောင်း သော ဗိမာန်မျိုး မဆောက်လုပ်စေလိုသောကြောင့် ဗိသုကာကြီးကို လက်စတုံး သတ်ဖြတ်ရန် ကြံစည် ထားသည်။ ထိုအကြံကို ကဋဝါဟနဆရာကြီးက ရိပ်စားမိသည်။ ထို့ကြောင့် ကော်ကနုဗိမာန်ကြီးကို အချိန်ဆွဲ၍ ဆောက်လုပ်သည်။ လျှို့ဝှက်စွာသော ဂဠုန်ရုပ်ကြီးကိုလည်း ဖန်တီးထားခဲ့သည်။

 

ထိုဂဠုန် ရုပ်ကြီးအတွင်း မိမိ၏တပည့်နှင့်ဆွေမျိုးအပေါင်းကို ဝင်ရောက်စေပြီး ဟိမဝန္တာတောင်တန်းတစ်နေရာသို့ ထွက်ပြေးခဲ့သည်။ဗုဒ္ဓဝင်တွင်ပါဝင်သော စက္ကောမ ပညာနှင့် ဆက်နေသောဇာတ်လမ်းဖြစ်သည်။ ကျွန်ုပ်လေ့လာဖတ်ရှုရသော ဝိဇ္ဇာဓရမှတ် တမ်းများအရ စက္ကောမအတတ်ဟူသည်သိကြားမင်း စသော နတ်တို့၏ ဖန်ဆင်းခြင်းအတတ်မျိုးဖြစ်သည်။ လူသားတို့တွင် ဘုန်းကံပါရမီ ကြီးရင့်သူများဖြစ်သော ဝိဇ္ဇာဓိုရ်၊ ထွက်ရပ်ပေါက်၊ ဈာန်အဘိညာဉ်ရ တန်ခိုး ရှင်ကြီးများသည်စက္ကောမအတတ်ကို နတ်များ သဖွယ် တတ်မြောက်တော်မူကြသည်။ ထိုအတတ် သည် စိတ်မှဖြစ်သော စိတ်ယန္တရားအတတ်ဟု သစ္စာ ဗလမှတ်တမ်းများကဆိုပါသည်။

စက်ရုပ်ယန္တရား ကြီးကို ဖန်တီးနေခြင်းမဟုတ်ဘဲ သမထအတတ်နှင့် ကသိုဏ်းဝန်းများမှတစ်ဆင့် ဖန်ဆင်းမှုမျိုးဟု ဆိုပါ သည်။ ဗုဒ္ဓဝင်ဇာတ်တော်တစ်ခုဖြစ်သော (မဟာဝင်၊ ဒီပါဝင်)တွင် ကောန္တဒေဝီဟူသော ဟိမဝန္တာရောက် ‘‘ကဋဝါဟန’’မင်း၏အဆက်အနွယ်မင်းသမီး တစ်ပါးသည် ဟိမဝန္တာတောနက်ကြီးထဲ၌ ဂဠုန် ယန္တရားငှက်ရုပ်ကို ဖန်တီး၍ ပျော်မြူးနေစဉ် ပါဠလိ ပုတ်ပြည်မှ မုဆိုးတစ်ဦးနှင့်တွေ့ပြီး ချစ်ကြိုက် ပေါင်းသင်းကြသည်ဟု ဆိုပါသည်။ ထိုဖြစ်စဉ်တွင် ကောန္တဒေဝီသည် သိပ္ပံခေတ်ကဲ့သို့ စက်ရုပ်ကို ဖန်တီး ခြင်းမဟုတ်ဘဲ စိတ်ယန္တရားမှဖြစ်သော စက္ကောမအတတ်နှင့် ဂဠုန်ရုပ်ဖန်တီးလျက် ပျော်ပါးခြင်းသာဖြစ်သည်။

ထိုဇာတ်တော်စကားများအရ ၎င်းဆွေမျိုး စုတို့၏ခေါင်းဆောင် ကဋဝါဟနဗိသုကာကြီးမှာ စက် ယန္တရား (သမထ)အတတ်နှင့် ဂဠုန်ရုပ်ကြီးကို ဖန်တီးခဲ့ကြောင်း တွေးဆနိုင်ပါသည်။ (စောခွန်နောင်၏စကားချပ်-အကြင်သူသည် သင့်မျက်စေ့ဖြင့် မြင်မှ ယုံမည်ဆိုလျှင်ဖြင့် လေ တောင်ရှူမနေသင့်တော့ပေ။ သေသာသေပါလေ။)

Credit.H.H