Zawgyi ဖြင့်ဖတ်ရန်

ရီးရဲ နဲ့လီဗာပူး တို့ ဗိုလ်လုရတော့မှာဖြစ်ပါတယ်။ယနေ့နံနက် ၁ နာရီ ၁၅ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ရိုးမားအသင်းနဲ့ လီဗာပူး အသင်းတို့ရဲ့ပွဲစဉ်မှာ ရိုးမားအသင်းက ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပေမယ့် လီဗာပူးအသင်းက ၂ ကျော့ပေါင်း ၇ ဂိုး ၆ ဂိုးနဲ့ အနိုင်ရရှိပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲ အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

 

အိမ်ရှင် ရိုးမား အသင်းဟာ တိုက်စစ်မှာ ဒီဇီကို၊ ပက်ထရစ်ရှစ်ခ်၊ အယ်ရှာရာဝီတို့နဲ့ ပွဲထွက်လာခဲ့ပြီး လီဗာပူးအသင်းက မာနေး၊ ဖာမီနို၊ မိုဟာမက်ဆာလာတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်း စတင်ချိန်ကတည်းက အကြိတ်အနယ်ရှိခဲ့ကြပြီး မာနေးက ၉ မိနစ်မှာ ဖာမီနိုရဲ့ပေးပို့မှုကနေတစ်ဆင့် လီဗာပူးအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

၁၅ မိနစ်မှာ အယ်ရှာရာဝီ ပေးပို့လိုက်တဲ့ ဘောလုံး ကို လော့ဗ်ရန်က ဖြတ်ထုတ်ဖို့ ကြိုးစားရာမှာ ဂျိမ်းစ်မေလ်နာရဲ့ခေါင်းနဲ့ ထိမိပြီး ဂိုးထဲဝင်သွားခဲ့တာကြောင့် ရိုးမားအသင်းက ချေပဂိုး ပြန်လည်ရရှိခဲ့ပါတယ်။

 

၂၅ မိနစ်မှာ လီဗာပူးအသင်းက ထောင့်ကန်ဘောကန်ခွင့်ရရှိခဲ့ပြီး ရိုးမားနောက်ခံကစားသမားတွေ ရှင်းထုတ်ပုံမသေသပ်တာကြောင့် ရရှိလာတဲ့အခွင့်အရေးကို ဝစ်ဂ်ျနယ်ဒန်က အပိုင်ခေါင်းတိုက်သွင်းယူပြီး လီဗာပူးအသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၅၂ မိနစ်မှာ အယ်ရှာရာဝီရဲ့ကန်သွင်းမှုကို ကဲရီးယပ်စ် ပုတ်ထုတ်ပြီး ပြန်လျှံထွက်လာတဲ့ဘောလုံးကို ဒီဇီကိုက တစ်ချက်ထိန်းပြီး အမှားအယွင်းမရှိ ပိတ်သွင်းယူပြီး ရိုးမားအသင်းအတွက် ချေပဂိုးကို ပြန်လည်သွင်းယူပေးခဲ့ပါတယ်။ ရိုးမားအသင်းဟာ ဒုတိယပိုင်းမှာ ကစားသမားအပြောင်းအလဲတွေ ပြုလုပ်ခဲ့ပြီး တိုက်စစ်မြှင့်တင်ဖို့ ကြိုးပမ်းခဲ့တာကို တွေ့ရပါတယ်။

၈၆ မိနစ်မှာ နိုင်ဂိုလန်က ကိုလာရော့ဗ် ပေးပို့လိုက်တဲ့ဘောလုံးကို ပြင်းထန်တိကျတဲ့အဝေးကန်သွင်းချက်နဲ့ ရိုးမားအသင်းအတွက် တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲကစားချိန်ပြည့်မြောက်လို့ နာကျင်အချိန်ပို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ ၉၃မိနစ်မှာ ဆန်းဇစ်အူဒါနဲ့တစ်ဦးချင်း ဘောလုံးယှဉ်လုဖို့ ကြိုးစားရာမှာ လူစားဝင်ရောက်ကစားခဲ့တဲ့ လီဗာပူးနောက်ခံကစားသမား ကလာဗန်ရဲ့ လက်နဲ့ထိခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ပင်နယ်တီပြစ်ဒဏ်ဘောသတ်မှတ်ပေးခဲ့ပါတယ်။

 

ပင်နယ်တီပြစ်ဒဏ်ဘောကို နိုင်ဂိုလန်ကပဲ ကန်သွင်းယူပေးခဲ့ပြီး ပွဲပြီးဆုံးချိန်မှာ ၄ ဂိုး ၂ ဂိုးနဲ့ ရိုးမားအသင်းက အနိုင်ရရှိခဲ့ပါတယ်။

 

ယနေ့ပွဲစဉ်မှာ လီဗာပူးအသင်းရဲ့တိုက်စစ်ကို မာနေးက ဦးဆောင်ခဲ့ပြီး ဖာမီနိုနဲ့ ဆာလာတို့ ခြေစွမ်းမပြသနိုင်ခဲ့တာကို တွေ့ရပါတယ်။ လီဗာပူးအသင်းဟာ ၁၉၈၄ ခုနှစ်က ဥရောပဖလားပြိုင်ပွဲမှာ အိမ်ရှင်ရိုးမားအသင်းကို အံ့အားသင့်ဖွယ်အနိုင်ရရှိပြီး ဥရောပဖလားကို ကိုင်မြှောက်ခဲ့ဖူးတဲ့ သမိုင်းမှတ်တမ်းကောင်းတစ်ခု ပိုင်ဆိုင်ထားခဲ့ဖူးပါတယ်။ ချီးကျူးစရာအချက်အနေနဲ့ အိမ်ရှင်ရိုးမားအသင်းဟာ ဗိုလ်လုပွဲတက်ရောက်နိုင်ဖို့အတွက် နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်ခဲ့ပြီး လီဗာပူးအသင်းက ၂ ကျော့ပေါင်းရလဒ် ၇ ဂိုး ၆ ဂိုးနဲ့ ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့တာဖြစ်ပါတယ်။

Credit : Duwun

 

Unicode ဖြင့်ဖတ်ရန်



 


 


 



 


 


Credit : Duwun