ဘီလူးစီးခြင်း

ညဥ့်နက်သန်းခေါင်ကျော် ၂ နာရီလောက်မှာ ရုတ်တရက် ဖျတ်ခနဲနိုးလာခဲ့တယ်။ ဒါပေမဲ့ ခန္ဓာကိုယ်က လှုပ်မရတာမို့ ချက်ချင်းဆိုသလို ကြောက်စိတ်ဝင်လာပါတယ်။ လှုပ်လို့မရတာ ထက်ပိုဆိုးတာက မီးပိတ်ထားတဲ့ အခန်းထဲမှာ ကိုယ်မသိတဲ့ တခြားတစ်ယောက် ရှိနေတယ်လို့ ခံစားလိုက်ရတာပါပဲ။

လူပုံသဏ္ဌာန်အရိပ် နှစ်ခုက အခန်းနံရံနားကနေ ကိုယ့်ရဲ့ခြင်ထောင်အနားကို လမ်းလျှောက်လာတာ မျိုးမဟုတ်ဘဲ လေထဲမှာ မျောနေသလို ရွေ့လာတာကြောင့် ကြောက်စိတ်က အထွတ်အထိပ်ကို ရောက်သွားခဲ့တယ်။ ကြောက်လွန်းလို့ အိမ်သားတွေကို အော်ခေါ်နေပေမဲ့ စကားလည်းပြောမရ၊ ရင်ဘတ်ကိုလည်း တစ်ခုခုက ဖိထားသလို ဖိအားကြီးနဲ့ ဇောချွေးတွေပြန်ပြီး နှလုံးခုန်တာ ကလည်း သံစုံတီးဝိုင်းအလား။

ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ မကောင်းတာ တွေမြင်တဲ့အခါ ကိုယ်ရတဲ့ ဘုရားစာကို ရွတ်ပါတော့တယ်။ စကားပြောမရတာကြောင့် စိတ်ထဲကရွတ်ပြီး စိတ်ကို ငြိမ်အောင်ထားလိုက်တော့မှ မြင်နေရတဲ့ အရာတွေလည်း ပျောက်သွားပြီး ခန္ဓာကိုယ်လည်း ပြန်လှုပ်လို့ရလာပါတယ်။

ဒီအဖြစ်အပျက်ကတော့ စာရေးသူဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ ကြောက်လန့်စရာ ဖြစ်ရပ်တွေထဲက တစ်ခုပါ။ ဖြစ်သွားတာ စက္ကန့်ပိုင်းလောက်သာ ကြာတယ်ဆိုပေမဲ့ အချိန်တော်တော်ကြာတဲ့အထိကို အမှတ်ရနေတဲ့ အဖြစ်အပျက်ပါပဲ။ မြန်မာတွေအခေါ် ဘီလူးစီးတာကို ကြုံခဲ့ရတာပါ။

ဆေးပညာရပ်အရဆိုရင်တော့ ဒါကို Sleep Paralysis လို့ဆိုပါတယ်။ အဲဒီဖြစ်ရပ်က စာရေးသူအတွက် ပထမဆုံး ဘီလူးစီးခံရတဲ့ အတွေ့အကြုံတော့ မဟုတ်ပါဘူး။ အဲဒါမတိုင်ခင် ဆယ်ကျော်သက်အရွယ်လောက်ကလည်း နေ့ခင်းဘက် အိပ်တဲ့အခါမျိုးမှာ နှစ်ကြိမ်လောက် ကြုံခဲ့ရဖူးပါသေးတယ်။

ဘီလူးစီးခံရတာကို ကြုံဖူးတဲ့လူတိုင်း အနည်းနဲ့ အများတော့ ကြောက်လန့်တတ်ကြပါတယ်။ တချို့လည်း ဘဝမှာ တစ်ခါမှ မကြုံဖူးသေးတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်နိုးလာတဲ့ အချိန်မှာ အသိစိတ်ရှိနေပြီး ခန္ဓာကိုယ်လှုပ်မရ၊ စကားပြောမရတဲ့ အဖြစ်မျိုးကတော့ ပထမဆုံးအတွေ့အကြုံဆိုရင်တော့ တော်တော်လေး လန့်သွားကြမယ်လို့ ထင်ပါတယ်။

ဒါဆို Sleep Paralysis လို့ခေါ်တဲ့ ဘီလူးစီးတာက ဘယ်လိုကြောင့်ဖြစ်တာလဲ။

” Sleep Paralysis ဖြစ်တဲ့အချိန်က လူတစ်ယောက် အိပ်ပျော်ခါစအချိန်၊ ဒါမှမဟုတ် အိပ်ရာနိုးခါစအချိန် တွေမှာ ဖြစ်တတ်တယ်။ Deep Sleep ဆိုတဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့ အဆင့်ကို မရောက်ခင်နဲ့ အဲဒီအဆင့်ကနေ ပြန်နိုးလာမယ့်အချိန်တွေမှာ လူရဲ့ မျက်လုံးလှုပ်ရှားမှုက ပုံမှန်ထက်မြန်တဲ့ အချိန် ရှိတယ်။ အင်္ဂလိပ်လို Rapid Eye Movement (REM) အဆင့်ပေါ့။ အဲဒီအဆင့်မှာ ဘီလူးစီးတာ ဖြစ်လေ့ ရှိတယ်။ REM အဆင့်ကို ရောက်တဲ့အချိန်က တစ်ယောက်နဲ့ တစ်ယောက် မတူဘူး။ တချို့ကျတော့လည်း မိနစ်ပိုင်းနဲ့ ရောက်တယ်။ တချို့လည်း ကြာတယ်။ အိပ်မက်မက်တဲ့ အချိန်ကလည်း REM အထဲမှာ မက်ကြတာ များတယ်။ REM အချိန်မှာ အိပ်မက်ဆိုးတွေမက်လို့ လန့်နိုးလာတဲ့အခါဖြစ်ဖြစ်၊ တစ်ခုခုကြောင့် ရုတ်တရက် နိုးသွားတာဖြစ်ဖြစ် ဘီလူးစီးတာဖြစ်တယ်။ ဘီလူးစီးရင် လူက နိုးကြားနေပြီး သိနေပြီ။ ဒါပေမဲ့ အဲဒီအချိန်မှာ ကြွက်သားတွေက ချက်ချင်း အလုပ်မလုပ်သေးဘူး။ အဲဒီတော့ လှုပ်ရှားလို့လည်းမရ၊ စကားလည်းပြောမရ ဖြစ်တာပေါ့”လို့ ရန်ကုန်ဆေးရုံကြီးက ဦးနှောက်နဲ့ အာရုံကြောဌာနရဲ့ တွဲဖက်ပါမောက္ခဖြစ်တဲ့ ဒေါက်တာဆန်းဦးက ရှင်းပြပါတယ်။

ဘီလူးစီးတဲ့ဖြစ်ရပ်မျိုး ဖြစ်ပေါ်နေချိန်မှာ ရင်ဘတ်ပေါ်ကို ဖိအားတစ်ခုခုက ဖိထားသလို ခံစားရတာနဲ့ အခန်းထဲမှာ မြင်နေရတဲ့ အရာတွေနဲ့ ပတ်သက်ပြီးတော့လည်း ဒေါက်တာက ရှင်းပြပါတယ်။

“Sleep Paralysis ဖြစ်ရင် အသက်ပြင်းပြင်းနဲ့ ဝအောင်ရှူဖို့ ခက်တယ်။ ပုံမှန်နိုးတဲ့ အချိန်ဆိုရင်တော့ ပြင်းပြင်းရှူလည်း ရတယ်၊ နှေးနှေးရှူလည်း ရတယ်။ ရင်ဘတ်ကို ဖိသလိုခံစားရတာက လန့်တဲ့အချိန်မျိုးမှာ လူတွေက အသက်ကို ပြင်းပြင်းရှူတတ်ကြတယ်။ ဒါပေမဲ့ ဘီလူးစီးနေတဲ့အချိန် ပြင်းပြင်းရှူလို့ မရဘူး။ အဲဒီလို ပြင်းပြင်းရှူလို့မရတဲ့ ခံစားချက်ကို တစ်ယောက်ယောက်က သူ့ကို ဖိထားလို့ ရှူမရတာလို့ ခံစားမိလိုက်တာမျိုးပါ”လို့ ဒေါက်တာက ပြောပြပါတယ်။

အဲဒီလို တစ်စုံတစ်ခုက ဖိထားသလိုခံထားရတဲ့ ခံစားချက်ကြောင့် ဘီလူးစီးတယ်ဆိုတဲ့ အရပ်သုံးစကား ပေါ်ပေါက်လာတာ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ရပ်မျိုးကို တခြားနိုင်ငံတွေကလည်း သူတို့ ဘာသာစကားတွေနဲ့ အမည်ပေးထားကြပါတယ်။

တရုတ်မှာဆိုရင် ‘ခန္ဓာကိုယ်ပေါ် တစ္ဆေဖိထားခြင်း’ လို့ အဓိပ္ပာယ်ရတဲ့ စကားလုံးရှိသလို ကမ္ဘောဒီးယား၊ လာအိုနဲ့ ထိုင်းနိုင်ငံတို့မှာတော့ ‘လူတစ်ယောက် အိပ်နေချိန်၊ ဒါမှမဟုတ် အိပ်မက်မက်နေချိန် အနီးနားမှာ တစ္ဆေတစ်ကောင်၊ ဒါမှမဟုတ် တစ်ကောင်ထက် ပိုပြီး အနားမှာ ရောက်နေခြင်း၊ ဒါမှမဟုတ် ချုပ်ကိုင်ထားခြင်း’ လို့ အဓိပ္ပာယ်ရတဲ့ စကားလုံး ရှိပါတယ်။

“ကျွန်တော် သိသလောက်လည်း ဘီလူးစီးတာကို ဒီအဓိပ္ပာယ်ပဲ သိတာပေါ့။ အဲဒီလိုဖြစ်ရင် မလှုပ်နိုင်တော့ဘဲ အကောင်ကြီးတစ်ကောင်က ကိုယ့်အပေါ် ခွစီးထားသလို ခံစားရတဲ့ သဘောကို ဘီလူးစီးတယ်လို့ တင်စားကြတာပဲ။ အဲဒီလောက် သာမန်ပဲ သိထားကြတယ်။ ဝေါဟာရအသုံးအနှုန်းအနေနဲ့ ဘယ်လိုစခဲ့သလဲ ဆိုတာမျိုးတော့ အတိအကျမသိဘူး”လို့ ဘီလူးစီးတဲ့ စကားလုံးနဲ့ ပတ်သက်လို့ စာရေးဆရာကြီး မောင်ခင်မင်(ဓနုဖြူ)က ရှင်းပြပါတယ်။

ဘီလူးစီးသလိုဖြစ်ရပ်ကို တချို့တွေကလည်း ထမင်းလုံးတစ္ဆခြောက်တယ်လို့ ခေါ်ဝေါ်ကြပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးလည်း ဆရာကြီးမောင်ခင်မင်က သူ့အမြင်ကို အခုလို ပြောပြပါသေးတယ်။

“ထမင်းလုံးတစ္ဆေခြောက်တယ်လို့လည်း ခေါ်တာကတော့ ညဘက်ထမင်းစားပြီး အိပ်တဲ့အခါ အစာမကြေလို့ အိပ်မက်ဆိုးတွေမက်ပြီး လှုပ်မရတာ ဖြစ်တာကို ထမင်းလုံးတစ္ဆေခြောက်တယ်လို့ ခေါ်ကြတယ်လို့ ထင်တယ်။” စာရေးသူရဲ့ ကြောက်စရာဘီလူးစီးခံရတဲ့ ဖြစ်ရပ်မှာ အခုအချိန်ထိ မေ့မရဘဲ ဖြစ်နေတာက မြင်ခဲ့ရတဲ့ အရာတွေကိုပါ။ ဒီအဖြစ်အပျက်ကို အသိမိတ်ဆွေတွေကို ပြောပြတော့ တချို့တွေက ကံနိမ့်နေလို့ အဲဒီလိုမျိုးတွေ မြင်ရတာလို့ ဆိုကြသလို တချို့ကလည်း ပိုကြောက်အောင်များ တမင်ပြောသလားထင်ရအောင် စာရေးသူရဲ့ ခန္ဓာကိုယ်ထဲကို ဝိညာဉ်ဝင်ပူးချင်လို့ အဲဒီလိုမြင်ရတာလို့ ဆိုကြပါတယ်။

အဲဒီအဖြစ်အပျက်နဲ့ အဲဒီစကားတွေကြောင့် လအတော်အတန်ကြာတဲ့အထိ မီးပိတ်ရင် မအိပ်ရဲ တော့တဲ့အကျင့်ဖြစ်ပြီး ညတိုင်း မီးဖွင့်အိပ်ခဲ့ရပါတယ်။

ဘီလူးစီးနေတဲ့အချိန် မြင်တာတွေနဲ့ ပတ်သက်လို့ ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာနကထိက ဒေါက်တာ ဇင်မင်းမျိုးမမကြူထွေးကလည်း စိတ်ပညာရှုထောင့်ကနေ အခုလို ရှင်းပြပါတယ်။

“ဘီလူးစီးတဲ့အခါမှာ လူတစ်ယောက်က သိစိတ်ရှိတယ်။ Psychology ရဲ့ ဖခင်ကြီး Sigmund Freud က သိစိတ်နဲ့ မသိစိတ်ကို ခွဲပြခဲ့တယ်။ လူတစ်ယောက်ရဲ့ စိတ်ကို သုံးပုံ ပုံလိုက်ရင် နှစ်ပုံက မသိစိတ်၊ တစ်ပုံက သိစိတ်။ အဲဒီတော့ လူတစ်ယောက်ရဲ့စိတ်မှာ မသိစိတ်ထဲ သိမ်းထားတဲ့ အရာတွေက များတယ်။ အခြေအနေတစ်ခုခုကြောင့် စိတ်ကို လွှတ်ပေးလိုက်ပြီဆိုရင် သူ့ရဲ့ မသိစိတ်ကနေ ဖြစ်ချင်နေတဲ့ အရာတွေကို မြင်ရတယ်။ ဥပမာ – စိုးရိမ်မှုတွေ ရှိနေချိန်၊ ကြောက်လန့်တဲ့ အချိန်တွေဆိုရင် အိပ်မက်ဆိုးတွေ မက်တတ်သလို ဘီလူးစီးတဲ့ အခါမှာလည်း မသိစိတ်ထဲက ကိုယ်သိမ်းထားတဲ့ အရာတွေလည်း ထွက်ပေါ်လာတတ်တယ်”လို့ ဆိုပါတယ်။

တချို့တွေကလည်း ဘီလူးစီးတာက အကြောအားနည်းလို့၊ အေးတဲ့ နေရာတွေမှာ အိပ်လို့လည်း ဆိုကြပါ တယ်။ ဒါပေမဲ့ အိပ်တဲ့အချိန်မှာ ဖြစ်တာမို့ အိပ်စက်ခြင်းနဲ့ အဓိကသက်ဆိုင်ပါတယ်။

“အိပ်ရေးမဝတဲ့ လူတွေ၊ အိပ်ရေးပျက်တဲ့ လူတွေမှာ အဖြစ်များတယ်။ တချို့ကျတော့ အိပ်တဲ့အချိန်မှာ အသက်ရှူလမ်းကြောင်းပိတ်တဲ့ ရောဂါကြောင့်လည်း ဖြစ်တတ်တယ်။ Sleep Apnea လို့ ခေါ်တာပေါ့။ အဲဒီအချိန်မှာ ဦးနှောက်ကို အောက်ဆီဂျင်ရောက်တာ နည်းတဲ့အတွက် လူက အိပ်ပေမဲ့ ဦးနှောက်က အိပ်ရေး မဝသလို ဖြစ်သွားတာပေါ့။ အဲဒီရောဂါရှိတဲ့လူတွေမှာလည်း အဖြစ်များတယ်။ အသက်ရှူရပ်တာက ပြင်းပြင်းထန်ထန် ဟောက်တတ်တဲ့ လူတွေမှာလည်း ဖြစ်တတ်တယ်။ သူတို့တွေမှာလည်း အဖြစ်များတယ်။ နောက် Sleep Paralysisက မျိုးရိုးလိုက်ပြီးလည်း ဖြစ်တတ်တာကြောင့် မိဘဘိုးဘွားကဖြစ်ရင် နောက်မျိုးဆက်လည်း ဖြစ်တတ်တယ်”လို့ ဒေါက်တာဆန်းဦးက ဆိုပါတယ်။

ဆေးပညာနယ်ပယ်က ကြည့်မယ်ဆိုလည်း ဘီလူးစီးတာက သာမန်ဖြစ်တတ်တဲ့ အရာတစ်ခုပါပဲ။ ဒါပေမဲ့ ကြောက်လန့်ဖွယ်ဖြစ်ရပ်ကလည်း တချို့လူတွေကို ဝိညာဉ်တစ္ဆေတွေနဲ့ ဆက်စပ်မှု ရှိတယ်လို့ ယူဆမိစေတာလည်း မဆန်းပါဘူး။

ဘယ်လိုကြောင့်ပဲဖြစ်ပါစေ.. စာရေးသူကတော့ ဖြစ်နိုင်မယ်ဆိုရင် ရင်ထိတ်စရာကောင်းလှတဲ့ ဘီလူးစီးခံရတဲ့ ဖြစ်ရပ်မျိုးကို နောက်ထပ်မကြုံချင်တော့ပါဘူး။

copy @ myanmartimes