ပူတင်

အများမျှော်လင့်ထားသည့်အတိုင်း ရုရှားရွေးကောက်ပွဲတွင် သမ္မတ ဗလာဒီမာပူတင် ပါဝင် ယှဉ်ပြိုင်သွားမည်ဟု သိရသည်။

ပူတင်က မိမိသည် နောက်ထပ် သမ္မတ သက်တမ်းအတွက် ရွေးကောက်ပွဲတွင် ပါဝင်သွားမည်ဟု အတည်ပြု ပြောကြားခဲ့သည်။ နစ်ဇ်နီ နော့ဗ်ဂိုရော့ဒ်ရှိ ကားစက်ရုံတစ်ခုတွင် အလုပ်သမားများကို မိန့်ခွန်း ပြောခဲ့ချိန်၌ ပူတင်က လာမည့်နှစ် ရွေးကောက်ပွဲအတွက် ၎င်း၏ ဆုံးဖြတ်ချက်ကို ထုတ်ဖော် ကြေညာသွားခြင်း ဖြစ်သည်။

“ရုရှားနိုင်ငံရဲ့ သမ္မတအဖြစ် ဆက်လက် ရှိနေဖို့ ရွေးကောက်ပွဲမှာ ပါဝင်သွားပါမယ်”ဟု ပူတင်က ဆိုသည်။ ပူတင်သည် ခေတ်သစ် ရုရှားနိုင်ငံ သမိုင်းတွင် ဩဇာအကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးအဖြစ် ရပ်တည်နေပြီး ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် သမ္မတနှင့် ဝန်ကြီးချုပ် ရာထူးတစ်ခုခုကို အမြဲတစေ ရယူထားသည်။

အကယ်၍ လာမည့် မတ်လ ရွေးကောက်ပွဲတွင် ပူတင် ဆက်လက် အနိုင်ရပါက ၂၀၂၄ ထိ သမ္မတ ရာထူးကို တာဝန်ယူနေခွင့် ရရှိမည် ဖြစ်သည်။ ရုရှား ရုပ်မြင်သံကြား ဂျာနယ်လစ် တစ်ဦးဖြစ်သော ကီစီနီယာ ဆော့ဘ်ချက်ခ်က ရွေးကောက်ပွဲဝင်မည်ဟု ကြေညာထားသော်လည်း ပူတင်အတွက် မှုလောက်စရာ ပြိုင်ဘက် မဟုတ်ကြောင်း လူထုအမြင် စစ်တမ်းများက ဖော်ပြနေသည်။

ရုရှား၏ အဓိက အတိုက်အခံခေါင်းဆောင် အေလက်စီ နာဗယ်လင်မှာမူ အလွဲသုံးစားမှု စွပ်စွဲချက် တစ်ခုကြောင့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် တရားဝင် တားမြစ်ခံထားရသည်။ နာဗင်လင်က အဆိုပါ အမှုသည် ၎င်းအပေါ် နိုင်ငံရေးအရ လုပ်ကြံ ထိုးနှက်မှု တစ်ခုဟု ဝေဖန်ထားသည်။

ကေဂျီဘီ ထောက်လှမ်းရေး အရာရှိဟောင်း တစ်ဦးဖြစ်သူ ပူတင်သည် အတိုက်အခံများစွာ ရှိနေသော်လည်း ရုရှားနိုင်ငံသား အများစု၏ ထောက်ခံမှုကို ရရှိနေဆဲ ဖြစ်သည်။ အထူးသဖြင့် ပူတင်သည် ရုရှားကို ဆိုဗီယက်ခေတ်က ကမ္ဘာ့အင်အားကြီး နိုင်ငံမျိုး၏ ရပ်တည်မှုထံ ပြန်လည် ဦးဆောင်နိုင်မည်ဟု ယုံကြည်သူ အများအပြား ရှိနေသည်။ ယူကရိန်းပိုင် ခရိုင်းမီးယား ဒေသကို ရုရှားက ထိန်းချုပ်လိုက်ခြင်းနှင့် ဆီးရီးယား ပြည်တွင်းစစ်တွင် ပါဝင်တိုက်ခိုက်ခြင်းများကလည်း ပူတင်၏ နိုင်ငံခြားရေး မူဝါဒများအပေါ် လူထုထောက်ခံမှု မြင့်တက်လာစေကြောင်း သိရှိရသည်။

Ref: Fox News
copy @ 7day news