အတိုး

အမြတ်ရာခိုင်နှုန်းများစွာပေးပြီး ရှယ်ယာရှင်အဖြစ်ခေါ်ယူတဲ့ လုပ်ငန်းကနေ အခုရက်ပိုင်းအတွင်း အမြတ်ငွေရော အရင်းငွေပါ ပြန်လည်မထုတ်ပေးတာကြောင့် ငွေကြေးထည့်ဝင်ထားသူတွေ အရှုံးပေါ်နေကြပါတယ်။

အဲသည်လုပ်ငန်းက လူမှုကွန်ရက်ကို အသုံးပြုပြီး ပြီးခဲ့တဲ့နှစ်ကုန် ပိုင်းခန့်ကတည်းက ရှယ်ယာခေါ်ယူခဲ့ တာပါ။ ပေးမယ်ဆိုတဲ့အမြတ်ငွေရာ ခိုင်နှုန်းများတာကြောင့် ရှယ်ယာ ဝင်သူဦးရေ ၁၀ဝ၀ ကျော်အထိ ရှိခဲ့ပါတယ်။
အဲသည်လို ရှယ်ယာခေါ်ယူတဲ့ အခါမှာ ကျပ် ငါးသိန်းကနေ သိန်း ၄၀ အထိ ထည့်သူကို အမြတ်ငွေ ၃၀ ရာခိုင်နှုန်း၊ ၄၁ သိန်းကနေအထက်ကို အမြတ်ငွေ ၂၅ ရာခိုင်နှုန်း စသဖြင့် အသီးသီး ပေးမယ်လို့ ပြောဆိုရှယ် ယာခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
ရှယ်ယာထည့်ချင်သူတွေအတွက် ရုံးလိပ်စာ အတိအကျဖော်ပြ ထားပြီး အဲသည်ရုံးမှာ သွားရောက် ငွေပေးသွင်းပြီး စာချုပ်ချုပ်ဆိုရတယ်လို့ သိရပါတယ်။

အစုစပ်စာချုပ်ပုံစံနဲ့ ချုပ်ဆိုရ တာဖြစ်ပြီး ရှယ်ယာခေါ်ယူသူရဲ့ မှတ်ပုံတင်မိတ္တူနဲ့ အိမ်ထောင်စု ဇယားမိတ္တူတစ်စောင်သာ အ ထောက်အထားအနေနဲ့ ပေးတယ်လို့ သိရပါတယ်။
ရှယ်ယာဝင်တွေ ဘက်ကလည်း ရှယ်ယာဝင်ပြီး အစပိုင်းမှာ အမြတ် ငွေပုံမှန်ပေးတာကြောင့် စာချုပ်စာ တမ်းမခိုင်မာပေမဲ့ သည်အတိုင်းပဲ နေလိုက်ကြတယ်လို့ ဆိုပါတယ်။

ကျပ် သိန်း ၂၀ဝ နီးပါး ရှယ်ယာ ထည့်ဝင်ခဲ့သူ မအိအိ (အမည်လွှဲ)က “လက်တွဲခဲ့တာကြာပြီ၊ အစပိုင်းမှာ အမြတ်ငွေပေးတာမှန်တယ်၊ အဲဒီ နောက် သူက အမြတ်ငွေမရှင်းခင် အချိန်မှာ ထပ်ထည့်ဖို့အဆင်ပြေရင် ထည့်ပါဆိုပြီးပြောတော့ ကိုယ်လဲ ယုံ ကြည်ပြီး အရင်ထည့်တဲ့ငွေထက် နှစ်ဆကို လွှဲပေးလိုက်တယ်၊ ပြောရရင် ကိုယ်က လောဘကြီးမိတာလဲ ပါ တယ်၊ ပြောရတာရှက်လဲ ရှက်ပါတယ်၊ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုပဲ၊ အမြတ်ငွေမပေးဘဲ အချိန် တွေ ရွှေ့ရွှေ့လာတော့ သံသယတော့ ဖြစ်လာပြီ၊ ဘာဆက်လုပ်ရမလဲ မသိသေးဘူး၊ ကိုယ့်ငွေ ပြန်မရမှာလဲ ကြောက်တော့ သူများတွေအပြစ် ပြောလဲ ခံရတာပဲ”လို့ ပြောပါတယ်။

ရှယ်ယာထည့်ခဲ့သူ အများစုက လက်ရှိမှာ အမြတ်ငွေမရရှိတဲ့အပြင် ထည့်ထားတဲ့အရင်းကိုပါ ပြန်ထုတ် မပေးတာကြောင့် ဆုံးရှုံးရမယ့် အနေ အထား ရောက်ရှိနေတာ ပါ။
အွန်လိုင်းကနေ ခေါ်ယူနေတဲ့ ရှယ်ယာဆိုတာမျိုးက လုပ်ငန်းတစ်ခု လည်ပတ်ဖို့ အရင်းအနှီးကို အတိုး နှုန်းများများပေးပြီး ရှယ်ယာနာမည် တပ်ခေါ်ယူနေတာ ဖြစ်ပါတယ်။

အစပိုင်းမှာတော့ အမြတ်ငွေတွေကို ပုံမှန်ပေးပြီး နောက်ပိုင်းမှာ အမြတ်ငွေပေးဖို့ သတ်မှတ်တဲ့ရက် ကျော်လွန်တာတွေ၊ ပေးရမယ့် လတွေများလာပြီး ငွေပေးသွင်းသူကို အဆက်အသွယ်မလုပ်တာ၊ ဖုန်း ဆက်ပေမဲ့လည်း ဖုန်းမကိုင်တာ၊ သူတို့ရဲ့ ရုံးခန်းကို သွားရောက်တွေ့ဆုံ ပေမဲ့ အတွေ့မခံတာကြောင့် ငွေ ထည့်ထားသူတွေအတွက် သောက ကြုံရပါတယ်။

ဒုက္ခကြုံပြီ

ငွေထည့် ထားသူတွေဘက်ကလည်း သက်ဆိုင်ရာကို မတိုင်ကြား ရဲဘဲ တစ်ဖက်က ဆက်သွယ်လာမယ့်အချိန်ကိုသာ စောင့်နေကြပြီး ရှယ်ယာခေါ်သူရဲ့ပြောစကားတွေအတိုင်း ယုံကြည်နေကြတာက ငွေရှင်တွေအတွက် ဆုံးရှုံးမှုပိုပြီးများ နိုင်တယ်လို့ ဥပဒေကြောင်းအရ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါ တယ်။
အမြတ်ငွေရော အရင်းပါ မရရှိ သူတွေအတွက် အခုနောက်ပိုင်းမှာ ရှယ်ယာခေါ်ယူသူဘက်က လုံးဝ မဆက်သွယ်တော့တာကြောင့် ဒုက္ခ တွေ့နေသူတွေ တစ်နေ့ထက်တစ် နေ့ များလာတယ်။ လူမှုကွန်ရက်စာ မျက်နှာမှာလည်း ပျံ့နှံ့နေပါတယ်။

အဲသည်ရှယ်ယာခေါ်တဲ့ လုပ် ငန်းနဲ့ပတ်သက်ပြီး လေ့လာနေသူ တစ်ဦးဖြစ်တဲ့ ကိုသူရက “အခုချိန်မှာ ငွေသွင်းထားသူတွေဘက်က ဘာမှမလုပ်ဘဲ တစ်ဖက်ပြောတဲ့အ တိုင်း ယုံကြည်နေမယ်ဆိုရင်တော့ ဆုံးရှုံးဖို့က သေချာသလောက်ဖြစ် နေပြီ၊ အမြတ်မရရင်တောင် ကိုယ့်ငွေရင်းပဲ ပြန်ရအောင် လုပ်ဖို့ပဲ”လို့ ပြောပါတယ်။ရှယ်ယာထည့်သူတွေအတွက် အမြတ်ငွေထုတ်ပေးတဲ့အခါမှာလည်း အမြတ်ငွေအပြင် နောက်ထပ်ငွေကို ပါ ထပ်ထည့် ခိုင်း ပြီး စာချုပ်ထပ်မံ  ချုပ်ဆိုဖို့ တိုက်တွန်းတာကြောင့် အမြတ်ငွေရရှိသူအများစုက ငွေထပ်ဖြည့်ပြီး ရှယ်ယာအနေနဲ့ ပြန်ထည့်ကြတယ်လို့ သိရပါတယ်။

အကျိုးအမြတ်တစ်စုံတစ်ရာ မက်လုံးပေးပြီး ငွေရရှိဖို့ ကြိုးစားတာ၊ ပြောထားတဲ့ အကျိုးအမြတ်အတိုင်း ပေးတာမျိုးမဟုတ်ဘဲ လီဆယ်ပြော ဆိုရှောင်ထွက်တာကြောင့် လိမ်လည် မှုပုဒ်မ ၄၂၀ နဲ့ တရားစွဲဆိုခွင့်ရှိမှာ ဖြစ်ပါတယ်။
တိုင်မယ်ဆိုရင် ပုဒ်မ ၄၂၀ တိုင် တန်းချက်က တရားရုံးကို ဦးတိုက် လျှောက်လို့ မရဘဲ ရဲစခန်းမှာ ပထ မသတင်းပေးတိုင်တန်းချက်လုပ်ပြီး တော့မှ အဲသည်စခန်းက တိုင်တန်း ချက်ကို ဥပဒေရုံးကို ပို့ရတယ်လို့ သိ ရပါတယ်။
ဥပဒေရုံးကနေ အကြံပေးအနေ နဲ့ ပုဒ်မ ၄၂၀ မှန်ကန်ကြောင်း တရားစွဲလိုက်ပါဆိုတဲ့ အကြံပေးစာ ကျလာမှ သက်ဆိုင်ရာရဲစခန်းကနေ တရားရုံးကို တင်ရတာပါ။

အသိပေးကြေညာပါ

နစ်နာသူတွေအနေနဲ့ ရဲစခန်းကို သွားရောက်မတိုင်တန်းခင်အချိန်မှာ အသိပေးကြေညာချက် ထုတ်ပြန် နိုင်ပြီး တစ်ဖက်ကိုသိရှိအောင် လုပ်ဆောင်ဖို့ လိုပါတယ်။

နို့တစ်စာ မပေးဘဲ ချက်ချင်း တရားစွဲခဲ့မယ်ဆိုရင် ကိုယ့်ဘက်က အားနည်းချက်ဖြစ်ပြီး တစ်ဖက်က ဆင်ခြေပေးဖို့ အကြောင်းပြချက်ရှာ ပေးသလိုဖြစ်နိုင်တာကြောင့် အသိ ပေးကြေညာချက်ကအရေးကြီးတယ်လို့ ဥပဒေရေးရာကျွမ်းကျင်သူတွေက ထောက်ပြ ပြောဆိုကြပါတယ်။

အထက်တန်းရှေ့နေဒေါ်ကေခိုင် က “ပုံမှန်က ပေးမယ်ဆိုပါးစပ်ပေးနဲ့ ပေးလို့မရဘူးလေ၊ ဥပဒေကြောင်း အရ ဘောင်ဝင်အောင်ပေးမယ်ဆို ရင် ကတိဝန်ခံချက်ထိုးပြီးပေးမှ တရားဝင်ယုံကြည်လို့ရတာလေ၊ ဒီအတိုင်း ပါးစပ်နဲ့ပြောနေလို့ ယုံကြည်နေလို့ မရဘူး၊ သူ့မှာမရိုး ဖြောင့်တဲ့အကြောင်းရှိနေတယ်လို့ ပဲ သုံးသပ်ရတယ်၊ ဘယ်လိုလုပ်ငန်းတွေပဲလုပ်ပါတယ်ပြောပြော၊ ရုံးခန်း တွေ ဘယ်လိုဖွင့်တယ်ပဲပြောပြော သူ့လုပ်ငန်းက တရားဝင်ဖွင့်ထားတဲ့ လုပ်ငန်းလား၊ အခွန်ဆောင်ထားတဲ့ လုပ်ငန်းလား၊ အယောင်ပြထားတဲ့ လုပ်ငန်းလားဆိုတဲ့အပေါ်လဲ မူတည် နေသေးတယ်”လို့ ပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ၂၀၁၆ ခုနှစ် ငွေရေးကြေးရေးအဖွဲ့အစည်း များဥပဒေမှာ ဗဟိုဘဏ်ခွင့်ပြုချက် မရဘဲ ဘဏ်ထူထောင်ခွင့်၊ ငွေရေးကြေးရေးလုပ်ငန်းတွေလုပ်ကိုင်ခွင့် နဲ့ လိုင်စင်မရှိဘဲ အပ်ငွေလက်ခံတာတွေ မပြုရလို့ သတ်မှတ်ထားပါ တယ်။

အဲသည်တားမြစ်ချက်တွေကို ဖောက်ဖျက်ရင် ထောင်ဒဏ်အနည်း ဆုံး နှစ်နှစ်ကနေ ငါးနှစ်အထိချမှတ် နိုင်ပါတယ်။ ကျပ် သန်း ၅၀ဝ ထက် မပိုတဲ့ ငွေဒဏ်ကို ချမှတ်နိုင်တယ်လို့ သိရပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ ဗဟိုဘဏ်ကခွင့်ပြုထားတဲ့ ငွေကြေးဝန် ဆောင်မှုလုပ်ငန်းတွေမှအပ အခြား လုပ်ငန်းတွေနဲ့ ငွေကြေးတွေ ရင်းနှီး မြှုပ်နှံတာတွေမလုပ်ဖို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအပါအဝင် ဗဟိုဘဏ်ကလည်း ပြီးခဲ့တဲ့အောက် တိုဘာလ ၁၁ ရက်နေ့မှာ သတိပေး ချက် ထုတ်ပြန်ခဲ့ပါတယ်။

ဗဟိုဘဏ်က အဆင့်မြင့်တာဝန် ရှိသူတစ်ဦးက “ပြောရမယ်ဆိုရင် ဒီလိုငွေကြေးလုပ်ငန်းတွေအတွက် အသိပေးထားပြီးသားဆိုတော့ လော ဘမကြီးဖို့လိုတယ်၊ ဖြစ်လာမှ ပြဿနာတွေ ရှင်းရတာက ငွေထည့်သူတွေအတွက် မိအေးနှစ်ခါနာ ဖြစ်ရ တယ်၊ ကိုယ့်ငွေလဲ ဆုံးသေးတယ်၊ အမှုအခင်းလဲ ဖြစ်သေးတယ်၊ ဘယ်ဟာမှ မကောင်းဘူး၊ အဓိက က လူတွေ အယုံမလွယ်ကြဖို့လိုတယ်”လို့ သုံးသပ်ပြောဆိုပါတယ်။

copy @ kumudra/ မေသော်တာမောင်