ခရီးထွက်ခြင်း

အားလပ်ရက်အပန်းဖြေဖို့ပဲ ဖြစ်ဖြစ် အလုပ်ကိစ္စနဲ့ပဲ ဖြစ်ဖြစ် နိုင်ငံခြားကိုခရီးထွက်ကြတယ်နော်။ တခြားနိုင်ငံက မြင်ကွင်းအသစ်အဆန်းတွေကို တွေ့ရတာအမြင်ကျယ်ပြီး စိတ်လှုပ်ရှားစရာ၊ ပျော်စရာလည်းကောင်းပါတယ်။ တစ်ဖက်မှာလည်း ကိုယ့်နိုင်ငံလိုမဟုတ်တော့ “အဆင်မှပြေပါ့မလား” “ဘယ်လိုတွေလုပ်ရပါ့မလဲ” ဆိုတဲ့စိုးရိမ်မှုလေးတွေရှိပြန်ရော။ ဒီလို feel တွေစုံနေတာနဲ့ “ဘယ်ကနေဘယ်လိုစလုပ်ရမှန်း မသိတော့ပါဘူး”ဆိုတဲ့ ယောင်းယောင်းတွေအတွက် International Trip နဲ့ပတ်သက်တဲ့ tips လေးတွေပြောပြပါမယ်။

Passport နဲ့ Visa ကိုစစ်ဆေးပါ

နိုင်ငံခြားသွားတော့မယ်ဆိုရင် ပထမဦးဆုံးအရေးကြီးတာက Passport နဲ့ visa ပါ။ ကိုယ့်ရဲ့ passport သက်တမ်းကုန်ဆုံးရက်ကို ခရီးသွားမယ်လို့ စဉ်းစားကတည်းက စစ်ဆေးထားရပါမယ်။ Passport သက်တမ်းက ခရီးစဉ်စတဲ့ အချိန်ကနေ အနည်းဆုံး နောက်ထပ် ၆လ ကျန်ရှိနေရပါမယ်။ Expire date နီးနေပြီဆိုရင်တော့ သက်တမ်းတိုးတာကို စောနိုင်သမျှစောအောင်လုပ်ဆောင်လိုက်ပါ။ ဗီဇာအနေနဲ့ကတော့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ခွင့်ပြုချိန်မတူညီပါဘူး၊ ရက်တိုခရီးဆို ဗီဇာတောင် မလိုတဲ့နိုင်ငံတွေရှိပေမယ့် တင်းကြပ်တဲ့နိုင်ငံတွေလည်းရှိပါတယ်။ ဒါကြောင့် ကိုယ်သွားမယ့်နိုင်ငံရဲ့ ဗီဇာခွင့်ပြုချက်ကို သေချာလေ့လာဖို့လိုပါတယ်။ ဗီဇာလျှောက်တာက အချိန်ယူရတဲ့ ကိစ္စဖြစ်လို့ အတတ်နိုင်ဆုံးစောစောလျှောက်ပါ။

နောက်တစ်ချက်က ခရီးသွားတဲ့အခါ Passport တို့ ဗီဇာတို့လို အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို မိတ္တူ ကူးထားရပါမယ်။ ပြီးတော့ အကုန်လုံးကို တစ်နေရာတည်းမှာမထားပါနဲ့။ ကိုယ်ပေါ်မှာလည်း ဆောင်ထားပါ၊ ဟိုတယ် မီးခံသေတ္တာလို လုံခြုံတဲ့နေရာမျိုးမှာလည်း သိမ်းထားပါ။ အကယ်၍ Passport ပျောက်သွားခဲ့ရင်တောင် မိတ္တူရှိရင် ကိုယ့်ရဲ့ citizenship ကိုပြသလို့ရပါတယ်။

မိတ္တူတစ်ချို့ကို အိမ်မှာလည်း ချန်ထားသင့်ပါတယ်။ ဒါမှမဟုတ် စိတ်ချရတဲ့ သူငယ်ချင်းတစ်ယောက်ယောက်စီမှာ အပ်ထားတာမျိုးပေါ့။ ကိုယ်နိုင်ငံပြန်ရောက်လို့ Passport ပြန်လျှောက်တဲ့အခါ မိတ္တူရှိရင် ပိုပြီးလွယ်ကူနိုင်ပါတယ်။

ကျန်းမာရေးအတွက် စီစဉ်ပါ။

ဆရာဝန်နဲ့ ပုံမှန်ပြသနေရတဲ့သူဆိုရင် ခရီးမသွားခင် သေသေချာချာ ဆွေးနွေးဖို့ လိုပါတယ်။ ဘယ်နိုင်ငံကိုသွားမယ်၊ ဘယ်လောက်ကြမယ်ဆိုတာမျိုးပေါ့။ တချို့နိုင်ငံတွေက သူတို့သတ်မှတ်ထားတဲ့ ကာကွယ်ဆေးမထိုးရသေးရင် အဲဒီခရီးသည်ကို ပြည်ဝင်ခွင့်မပေးတာမျိုးတွေရှိတတ်ပါတယ်။ အဲဒီလို အခြေအနေမျိုးအတွက် ကိုယ်က ဒီမှာကတည်းက ကာကွယ်ဆေး ကြိုတင်ထိုးပြီး ဆေးထိုးပြီးကြောင်း သက်သေခံစာရွက်စာတမ်းကိုပါ ယူဆောင်သွားရပါမယ်။ ဘီပိုး၊ စီပိုး ကာကွယ်ဆေးကတော့ ထိုးထားရင် အကောင်းဆုံးပါပဲ။ ဒုတိယတစ်ချက်က သောက်နေကျ ဆေးတွေကို လုံလုံလောက်လောက် ယူဆောင်သွားပါ။ “အင်္ဂလိပ်ဆေးပဲ ဟိုမှာလည်းဝယ်လို့ရမှာပါ” လို့မထင်လိုက်ပါနဲ့နော်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံဖြန့်ချိတဲ့ ဆေးတွေမတူတတ်ပါဘူး။ ကိုယ်သောက်နေကျဆေးနဲ့ ထပ်တူကျတဲ့ ဆေးမျိုးကို ရှာမရဖြစ်တတ်ပါတယ်။ တစ်ချို့နိုင်ငံတွေက ဆေးဝါးနဲ့ပတ်သက်ရင် စစ်ဆေးရေးတင်းကြပ်တတ်တဲ့အတွက် ဆေးတွေကိုသယ်ဆောင်တဲ့အခါမှာလည်း သူ့ရဲ့ဘူးခွံနဲ့ပဲ သယ်ယူသင့်ပါတယ်။ ဆရာဝန်ရဲ့ဆေးညွှန်းစာ ပါရင်ပိုကောင်းပါတယ်။ နောက်တစ်ချက်က ကျန်းမာရေးအာမခံ လုပ်ထားတယ်ဆိုရင် အာမခံ ကုမ္ပဏီကို အသိပေးပြီး နိုင်ငံခြားမှာရှိနေတဲ့ အချိန်အတောအတွင်းကိုပါ cover ဖြစ်မဖြစ်စုံစမ်းသင့်ပါတယ်။ လိုအပ်ရင် travel insurance လုပ်ထားပါ။

ငွေရေးကြေးရေး ပြင်ဆင်ပါ

ပထမဆုံးအနေနဲ့ ငွေလဲလှယ်နှုန်းကို သိထားရပါမယ်။ ခရီးစဉ်တစ်လျှောက် ကုန်ကျနိုင်မယ့်ငွေကို အကြမ်းဖျဉ်း တွက်ချက်ထားပါ။ ဥပမာ lunch ဆိုဘယ်လောက် ဝန်းကျင်ပေးရတယ်၊ ဟိုတယ်ခတွေ ဘယ်လိုရှိတယ်၊ သွားလာဖို့အတွက် taxi စီးရင်ဘယ်လောက်၊ public transport ဆိုဘယ်လောက် ဒါမျိုးလေးတွေပေါ့။ ဒီလိုကြိုတင်တွက်ဆပြီး လိုအပ်တဲ့ငွေပမာဏကို လုံလုံလောက်လောက် ယူဆောင်ရပါမယ်။ ဒါ့အပြင် ကိုယ်သွားမယ့်နိုင်ငံရဲ့ cash ကိုမသွားခင်ကတည်းက ကြိုတင်လဲလှယ်ထားရပါမယ်။ နောက်ပြီး ဒေါ်လာ နဲ့ ပြန်ရောက်တဲ့အခါ အသုံးပြုဖို့ မြန်မာငွေကိုလည်း တစ်ပါတည်း ယူဆောင်သွားပါ။

ပိုက်ဆံထည့်တဲ့အခါ ကိုယ်နဲ့မကွာဆောင်တဲ့အိတ်နဲ့ အင်္ကျီအတွင်း အိတ်လိုနေရာမျိုးတွေမှာ နှစ်နေရာလောက်ခွဲ ထည့်သင့်ပါတယ်။ ATM card ကိုပဲ အသုံးပြုမယ်ဆိုရင် ဟိုမှာငွေထုတ်တဲ့အခါ အပိုထပ်ဆောင်းပေးရမယ့် ပမာဏကို ကြိုလေ့လာထားပါ။ အနည်းဆုံးပေးရတဲ့ ဘဏ်ရဲ့ ATM စက်ကထုတ်ပါ။ နောက်တစ်ချက်က ကိုယ်သွားမယ့်နိုင်ငံမှာ ဘယ်လို credit card အမျိုးအစားကို လက်ခံလဲ Chip-and-PIN လား Magnetic-swipe လား ဆိုတာသတိပြုပါ။ ဖွံ့ဖြိုးပြီးနိုင်ငံတစ်ချို့မှာ လုံခြုံရေးပိုမြင့်တဲ့ Chip-and-PIN credit card အမျိုးအစားကို သုံးကြတာတွေ့ရပါတယ်။ ဘဏ်ကို ခရီးမသွားခင်မှာ ဘယ်နိုင်ငံကိုသွားမယ်၊ အဲဒီကနေ credit card နဲ့ ATM card ကိုသုံးမယ်ဆိုတာ ကြိုတင်အသိပေး အကြောင်းကြားဖို့လဲ မမေ့ပါနဲ့နော်။ အသိမပေးဘဲ သုံးမိရင် ဘဏ်က ကဒ်ကို လုံခြုံရေးအရ ပိတ်လိုက်နိုင်ပါတယ်။

လိုအပ်မယ့် Electronic ပစ္စည်းတွေကို ယူဆောင်သွားပါ

တစ်နိုင်ငံနဲ့တစ်နိုင်ငံ အသုံးပြုတဲ့ လျှပ်စစ်ဗို့အားချင်း ကွာခြားပါတယ်။ မြန်မာနိုင်ငံမှာ ပုံမှန်ဗို့အားက ၂၃၀ ဆိုပေမယ့် တစ်ခြားနိုင်ငံတွေ.. ဥပမာဂျပန်ဆို ၁၀၀ ၊ ယူအက်စ်ဆို ၁၁၀ ဖြစ်သွားတယ်။ ဘရာဇီးမှာဆိုရင် တစ်မြို့နဲ့ တစ်မြို့တောင် မတူပါဘူး၊ d.c အသုံးပြုတဲ့ မြို့တောင်ရှိပါတယ်။ အဲဒီအခါ ကိုယ့်ရဲ့ ဖုန်းတို့ လက်ပ်တော့ တို့နဲ့ ကိုက်ညီမယ့်မီးအားဖြစ်အောင် ညှိဖို့ voltage converter လိုလာပါပြီ။ နောက်တစ်ခု သတိထားရမှာက ပလပ်ပုံစံ (Plug Shape) ပါ ။ Socket (ဆော့ကက်) ပုံစံအမျိုးမျိုးရှိနိုင်တာမို့လို့ လိုအပ်ရင် plug adapter (ပလပ်ခေါင်းအပို) လေးတွေပါယူဆောင်သွားရပါမယ်။ ပြီးတော့ လမ်းခရီးတစ်လျှောက်လုံး ဘက်ထရီ ကုန်တာမျိုးမဖြစ်ရအောင် power bank တို့ ဘက်ထရီအပို တို့ကိုလည်း အိတ်ထဲမှာ အဆင်သင့်ဆောင်ထားသင့်ပါတယ်။

Local Language အနည်းငယ်ပြောတတ်အောင် လေ့ကျင့်ထားပါ။

အင်္ဂလိပ်က အင်တာနေရှင်နယ်သုံး ဆိုပေမယ့် တစ်ချို့နိုင်ငံတွေမှာ အင်္ဂလိပ်လို မပြောကြပါဘူး။ ဥပမာ ဂျပန် ကိုရီးယား ဗီယက်နမ်လိုနိုင်ငံမျိုးကို သွားမယ်ဆိုရင် သူတို့ဘာသာစကားကို အနည်းငယ်ပြောတတ်အောင် လေ့လာထားရပါမယ်။ နံပါတ်တွေ နဲ့ အသုံးများတဲ့ စကားလေးတွေ ဥပမာ.. “ကျေးဇူးတင်ပါတယ်” “သန့်စင်ခန်းဘယ်နားမှာလဲ” “ဘယ်လောက်လဲ” “ကူညီပေးပါ” ဒါမျိုးလေးတွေပေါ့။ သင်ဖို့အချိန်မရဘူးဆိုရင်လည်း အပြောများတဲ့ စကားလုံးလေးတွေကို စာအုပ်လေးတွေနဲ့ ဒါမှမဟုတ်လည်း ဖုန်းထဲမှာ ရေးပြီး သွားလေရာယူသွားလို့ရပါတယ်။ ဒေသသုံးဘာသာစကားကိုပြောတတ်ရင် ပိုပြီးပျော်ဖို့ကောင်းသလို ကိုယ့်ရဲ့လုံခြုံရေးအတွက်လည်း စိတ်ချရပါတယ်။ အရေးကြုံရင် အလွယ်တကူ အကူအညီတောင်းလို့ရတာပေါ့။

သွားလာနေထိုင်ဖို့ လေ့လာပါ

မသွားခင်ကတည်းက တည်းခိုမယ့် ဟိုတယ် ဒါမှမဟုတ် တည်းခိုခန်းကို ကြိုတင်စုံစမ်းထားသင့်ပါတယ်။ စုံစမ်းတဲ့အခါ ဈေးနှုန်း၊ လုံခြုံမှုရှိမရှိ၊ တည်နေရာ ဒါမျိုးတွေကို အဓိကကြည့်ရမှာပါ။ ပြီးတော့ အရေးပေါ် အခြေအနေအတွက် ကိုယ်တည်းခိုမယ့်နေရာနဲ့ အနီးဆုံး ဆေးရုံ၊ ရဲစခန်း နဲ့ Tourist Information Centre တွေကို ကြိုတင်ရှာဖွေထားသင့်ပါတယ်။ နောက်တစ်ခုက သွားလာရေး။ လိုင်းကား၊ တက္ကစီ၊ မြေအောက်ရထား စသဖြင့် ဘာနဲ့သွားတာ အသက်သာဆုံးလဲ၊ public transportတွေကို အသုံးပြုဖို့ကဒ် လိုလား၊ အနီးဆုံး မြေအောက်ရထားဘူတာက ဘယ်မှာလဲ စတာတွေကို မှတ်သားထားရပါမယ်။ နောက်ပြီးတော့ မြေပုံကို ကြည့်ပြီးတော့ သွားလာမယ့်လမ်းကြောင်းကို ကြိုတင်ရေးဆွဲထားပါ။ ပြီးရင် အင်တာနက်လိုင်း မမိရင်လည်း အသုံးပြုနိုင်အောင် အဲဒီမြေပုံကို screenshot ရိုက်ထားပါ။ ဒါမှမဟုတ် မြေပုံအစစ် (Paper Map) ကိုအသုံးပြုလို့လည်း ရပါတယ်။ လမ်းညွှန်စာအုပ်တွေကိုလည်းကြိုတင်ဝယ်ထားဖို့ မမေ့ပါနဲ့နော်။

လေယာဉ်စီးတော့မယ်ဆိုရင် ကိုယ်နဲ့မကွာရှိမယ့် အိတ်ထဲမှာ ဘာတွေထည့်ရမလဲ ဆိုတာသေချာစီစဉ်ပါ။ အရေးကြီးတဲ့ စာရွက်စာတမ်း၊ ဆေးဝါး၊ လက်နှိပ်ဓာတ်မီး၊ မြေပုံ နဲ့ လမ်းညွှန်စာအုပ်၊ နားကြပ်၊ ဘက်ထရီအပို နဲ့ အားသွင်းကြိုး၊ ပိုက်ဆံ နဲ့တန်ဖိုးကြီးပစ္စည်းတွေ၊ သွားပွတ်တံ၊သွားတိုက်ဆေး၊ ရေဖြည့်လို့ရအောင် ရေဘူးအလွတ်နဲ့မုန့်တွေ အဓိကပါအောင် ထည့်ရပါမယ်။ အကယ်၍ လက်ဆွဲအိတ်ပျောက်ခဲ့ရင်ဆိုတဲ့ အခြေအနေမျိုးအတွက် အင်္ကျီ တစ်စုံ၊ နှစ်စုံလောက်ကိုလည်း ထည့်ထားပါ။

ကဲ.. အခု နိုင်ငံခြားသွားတဲ့အခါ သတိပြုစရာလေးတွေနဲ့ ပြင်ဆင်စရာလေးတွေကို သိသွားပြီဆိုတော့ ဘာမှ စိတ်ပူနေစရာမလိုတော့ဘူးနော်။ အပြည့်အဝ စိတ်လှုပ်ရှားပျော်ရွှင်လို့ရပါပြီ ဒန်..ဒန်..ဒန်။

Have a Safe Trip!
copy @ Bori (For Her Myanmar)