ရုပ်ရှင်

ချစ်ခြင်းမေတ္တာကို ပြစ်မှုတစ်ခုလို ပြင်းပြင်းထန်ထန် သဘောထားနိုင်ပါသလား။ ဂျာမန်ရုပ်ရှင်ဇာတ်ကား “Different From Others” ထဲက အဓိကဇာတ်ကောင်တွေဖြစ်တဲ့ ပေါလ်နဲ့ ကာ့တ်ကို ဥပမာထားပြီး ပြောပြပါ့မယ်။

ပေါလ်က နာမည်ကြီးဂီတပညာရှင် တစ်ဦးပါ။ ကာ့တ်ကတော့ ပေါလ်ရဲ့အရည်အချင်းပြည့်ဝတဲ့ တပည့် တယောဆရာတစ်ဦးပေါ့။ သူတို့နှစ်ဦးက ဂီတကို အတူတူဖန်တီးကြသလို အချစ်ကိုလည်း အတူတူဝေမျှ စားသုံးကြပါတယ်။ သူတို့ နှစ်ဦးစလုံးက တစ်စုံတစ်ဦးကိုမှ အန္တရာယ်မပေး၊ မနှောင့်ယှက်ကြပေမဲ့ အဆုံးသတ်မှာတော့ ပေါလ်က ထောင်နန်းစံရသလို ကာ့တ်ကလည်း သူ့ဆန္ဒမပါဘဲ ဘဝကို တစ်ကိုယ်တည်း နေထိုင်ခဲ့ရပါတယ်။

သူတို့ရဲ့ပြစ်မှုကတော့ မှားယွင်းတဲ့ ခေတ်အခြေအနေမှာ မွေးဖွားလာခဲ့ကြခြင်းပါပဲ။ အဲဒီရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ၁၉၁၉ ခုနှစ်ဝန်းကျင်ကာလမှာ လိင်တူစုံမက်ခြင်းဆိုတာ ဂျာမနီနိုင်ငံမှာ ပြစ်မှုတစ်ခုအဖြစ် သတ်မှတ်ထားတာပါ။ ၁၈၇၁ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၇၅ အရ အမျိုးသားတွေကြား သဘာဝမဟုတ်တဲ့ ဆက်ဆံမှု “Unnatural vice between men” ကို ဥပဒေအရ ပြစ်မှုတစ်ခုအဖြစ် အပြစ်ပေးခံခဲ့ကြရပါတယ်။ “Different From Others” ဇာတ်ကားကတော့ လိင်တူစိတ်ဝင်စားသူတွေအကြား ခိုင်ခိုင်မာမာခွဲခြားထားတဲ့ ဥပဒေတစ်ရပ်ကို ဆန့်ကျင်ရိုက်ကူးထားသလို လိင်တူစိတ်ဝင်စားခြင်း အကြောင်းအရာကို ပထမဦးဆုံးဆွေးနွေး တင်ပြထားတဲ့ ရုပ်ရှင်ဖြစ်တယ်လို့ ဆိုရမှာပါ။

ဒီဇာတ်ကားကို လိင်တူစုံမက်ခြင်းခွဲခြားထားတဲ့ ဥပဒေကို မရုပ်သိမ်းမီ (ဥပဒေကို ၁၉၉၄ ခုနှစ်မှာ ရုပ်သိမ်းခဲ့) ၁၉၁၉ ခုနှစ်မှာ ရိုက်ကူးခဲ့တာဖြစ်သလို ဇာတ်ကားရိုက်ကူးပြသပြီး နောက်ပိုင်းမှာ အဲဒီခေတ်အခါက LGBT အသိုင်းအဝိုင်းအတွက် အားတက်စေခဲ့ပြီး ဆွေးနွေးပွဲတွေ၊ စုရုံးပွဲတွေကို အစပျိုးလိုက်သလို ဖြစ်စေခဲ့ပါတယ်။

“Different From Others” ဇာတ်ကားကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်ကနေ ၁၂ ရက်အထိ ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ငါးကြိမ်မြောက် Memory Heritage International Film Festival မှာ အပိတ်ခံထားရတဲ့ ရုပ်ရှင်ဇာတ်ကားများ (Banned Films) ခေါင်းစဉ်အောက်မှာ ထည့်သွင်းပြသခဲ့ပါတယ်။

ဒီဇာတ်ကားက လိင်တူစုံမက်သူတွေအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေနဲ့ လိင်တူစုံမက်သူတွေအပေါ် ဥပဒေအရ ကန့်သတ်ချုပ်ချယ်မှုတွေ ရှိနေဆဲဖြစ်တဲ့ မြန်မာနိုင်ငံအတွက် လတ်လတ်ဆတ်ဆတ် နှိုးဆော်မှု တစ်ခုလို ဖြစ်စေခဲ့တယ်လို့ ဆိုရမှာပါ။

မြန်မာနိုင်ငံမှာတော့ ကိုလိုနီခေတ်ကတည်းက လက်ရှိအချိန်အထိ တည်ရှိနေတဲ့ ပုဒ်မ ၃၇၇ ‘သဘာဝကို ဆန့်ကျင်တဲ့ လိင်ဆက်ဆံခြင်း’ အရ လိင်တူစုံမက်သူတွေကြား၊ လိင်တူလက်ထပ်လိုသူတွေကြား ဥပဒေအရ ထောင်ဒဏ် ၁၀ နှစ်ထက်ပိုတဲ့ အရေးယူမှုနဲ့ အဟန့်အတားတစ်ခုလို ဖြစ်နေဆဲပါပဲ။ ဒါပေမဲ့ လက်ရှိအချိန် ထိတော့ လိင်တူလက်ထပ်မှုနဲ့ ချစ်ခင်စုံမက်သူအပေါ် ဖမ်းဆီးထောင်ချအရေးယူတာတွေ မရှိသေးပါဘူး။

“Different From Others” ရုပ်ရှင်ဇာတ်ကားထဲမှာတော့ ပေါလ်တို့ စုံတွဲအကြောင်းကို သိရှိနေတဲ့ ဇာတ်ကောင် Franz ဟာ ပုဒ်မ ၁၇၅ ကြောင့် ချစ်သူနှစ်ဦးကို ခြိမ်းခြောက်ငွေညစ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီမှာပြောချင်တာက လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ အသက်ဝင်နေဆဲဖြစ်တဲ့ ကိုလိုနီခေတ်ဥပဒေဟောင်းကို တာဝန်ရှိသူတွေ အနေနဲ့ ဖျက်သိမ်းပစ်ဖို့ပါပဲ။ ဒီဇာတ်ကားကနေ နောက်ထပ်သင်ခန်းစာတစ်ခု ရလိုက်တာက မြန်မာနိုင်ငံက LGBT အသိုင်းအဝိုင်းအကြောင်း ရိုက်ကူးဖော်ပြနေသူတွေအနေနဲ့ အချက်အလက်၊ သက်သေအထောက်အထားတွေနဲ့အတူ လူထုကို ထိထိမိမိ ရှင်းရှင်းလင်းလင်းဖော်ပြနိုင်တဲ့ ဒီလိုအလားတူဇာတ်ကားမျိုး ထွက်ရှိလာဖို့ပဲ ဖြစ်ပါတယ်။

၅၁ မိနစ်ကြာပြသခဲ့တဲ့ ဒါရိုက်တာ Richard Oswald ရဲ့ ဇာတ်ကားက အဲဒီခေတ်အခါက နိုင်ငံရေး အခြေအနေကို ထင်ဟပ်နိုင်သလို အနုပညာအရည်အသွေးကိုလည်း ပြသနိုင်ခဲ့ပါတယ်။ တစ်နာရီနီးပါး ကြာမြင့်တဲ့ Dialogue တွေမပါ အသံတိတ်အဖြူအမည်း အင်္ဂလိပ်စာတန်းထိုးဇာတ်ကားကို ကြည့်ရှုရတဲ့ မြန်မာပရိသတ်တွေအတွက် ပျင်းရိငြီးငွေ့ဖွယ်ရာရှိနိုင်ပေမဲ့ တကယ်တမ်းမှာတော့ ပရိသတ်အကြိုက်တွေ့ခဲ့တဲ့ ဇာတ်ကားလို့ဆိုရမှာပါ။

“ဒီဇာတ်ကားကိုကြည့်ရတာ အရမ်း မွန်းကျပ်တယ်။ ဒါပေမဲ့ ကြိုက်ပါတယ်”လို့ ဒီဇာတ်ကားကို လာကြည့်သူ တစ်ဦးက ဇာတ်ကားပြီးတဲ့အခါမှာ မှတ်ချက်ပေးခဲ့ပါတယ်။ နောက်တစ်ဦးကတော့ “တစ်နာရီလောက်ကြာသွားမှန်းတောင် မသိလိုက်ဘူး”လို့ ဆိုပါတယ်။

တကယ်တော့ ဇာတ်လမ်းဇာတ်ကွက်တွေ၊ နောက်ခံဂီတနဲ့ ဇာတ်ကောင်တွေရဲ့ သရုပ်ဆောင်အစွမ်းတွေက ကြည့်ရှုသူအားလုံးကို သတိဝီရိယရှိရှိနဲ့ ဖြစ်စေတယ်လို့ ဆိုရင် မမှားပါဘူး။ တချို့ဇာတ်ကွက်တွေဆိုရင် မြန်မာပရိသတ်ကို လိင်တူစုံမက်သူတွေအကြောင်း စာနာစိတ်ရှိလာအောင် ရိုက်ကူးပြသနိုင်တယ်လို့ ဆိုရမှာပါ။

ဇာတ်ကွက်တစ်ခုမှာဆိုရင် ပေါလ်က သူ့ရဲ့လိင်တူစုံမက်မှုအပေါ် ရောဂါတစ်ခုလိုကုသဖို့ နည်းလမ်းတွေ ရှာဖွေခဲ့ပါတယ်။ သူ့အနေနဲ့ အိပ်မွေ့ချကုထုံးနဲ့ ကုသဖို့ကြိုးစားခဲ့ပေမဲ့ သူ့ရဲ့စိတ်လိုအင်ကိုတော့ မတားဆီးနိုင်ခဲ့ပါဘူး။ နောက်ဆုံး လိင်မှုဗေဒပညာရှင်နဲ့ တွေ့ခဲ့တဲ့အခါမှာတော့ သူ့ရဲ့ဖြစ်တည်မှုနဲ့ စိတ်လိုအင်ကြောင့် ရောဂါခံစားရတာမဟုတ်ဘဲ သူ့ရဲ့ဖြစ်တည်မှုကိုသိရှိပြီး လက်မခံနိုင်တဲ့ လူမှုပတ်ဝန်းကျင်ကြောင့်ဆိုတာကို သိရှိလာခဲ့ပါတယ်။ အဲဒီခေတ်အချိန်က ဂျာမနီနိုင်ငံက လိင်တူချစ်သူတွေကြားတည်ရှိခဲ့တဲ့ ဥပဒေအခြေအနေတွေက လက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတဲ့ အခြေအနေတွေနဲ့ အတူတူပါပဲ။

လက်ရှိ mainstream (ခေါ်) စီးပွားဖြစ်ရုံတင်ပြသနေတဲ့ မြန်မာ့ရုပ်ရှင်လုပ်ငန်းထဲမှာတော့ LGBT တွေ အထူးသဖြင့် gay တွေရဲ့ ဖြစ်တည်မှုကို ရယ်သွမ်းသွေးစေမယ့် လှောင်ပြောင်သရော်တဲ့ နေရာမှာ တွေ့မြင်နေရတုန်းပါပဲ။ ဒါရိုက်တာတချို့ဟာ ဂေးတစ်ဦးရဲ့ သဘာဝအရဖြစ်တည်မှုကို ကုသလို့ရတဲ့ ပုံစံတွေ၊ သာမန်အမျိုးသား တစ်ဦးလို အမျိုးသမီးအပေါ် တိမ်းညွတ်သွားတဲ့ပုံစံတွေနဲ့ ဇာတ်ကွက်ဆင်ရိုက်ကူး တာတွေကိုလည်း တွေ့ရပါတယ်။ ဒါတွေက ဂေးတွေရဲ့ လက်တွေ့ဘဝဖြစ်စဉ်နဲ့ ပြောင်းပြန်ကိုဖြစ်နေတာပါ။

“Different From Others” ဇာတ်ကားထဲမှာတော့ လိင်တူစုံမက်သူ (အမျိုးသားအချင်းအချင်း) တွေကို ထည့်သွင်းသရုပ်ဆောင်တဲ့အခါ ဇာတ်ကောင်တွေအနေနဲ့ မြန်မာရုပ်ရှင်တွေမှာတွေ့ရတဲ့ ရူးကြောင်ကြောင် ခပ်ပေါပေါပုံစံနဲ့ ဝတ်စားဆင်ယင်မှုမျိုးမဟုတ်ဘဲ သာမန်အမျိုးသား ဇာတ်ကောင်တွေလိုပဲ ဣနြေ္ဒရှိရှိ ဝတ်စားဆင်ယင်ထားကြပါတယ်။

စီးပွားဖြစ်ရုပ်ရှင်ရိုက်ကူးတဲ့ ဒါရိုက်တာတွေထဲမှာမှ တချို့ကတော့ LGBT အသိုင်းအဝိုင်းအပေါ် လှောင်ပြောင်တဲ့ ရိုက်ကူးမှုတွေကို ရှောင်ကြဉ်ကြပါတယ်။ စီးပွားဖြစ်ရုံတင်ပြသမှုမှာ ပထမဦးဆုံး လိင်တူစုံမက်သူတွေကို စာနာနားလည် ပေးနိုင်လာအောင် ပညာပေးသဘောနဲ့တင်ဆက်ထားတဲ့ မေထုန်ရာသီဖွား (The Gemini)ကို ဒါရိုက်တာညိုမင်းလွင်က ၂၀၁၆ ခုနှစ်မှာ ရိုက်ကူးပြသခဲ့ပါတယ်။

မိနစ် ၁၂၀ ကြာ အဲဒီဒရမ်မာဇာတ်ကားက လိင်တူချစ်သူနှစ်ဦးထဲက တစ်ဦးက မိဘရဲ့ ဂုဏ်သိက္ခာအရ အတင်းအကျပ် အိမ်ထောင်ပြုပေးရာက ဖြစ်လာတဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းအကြောင်းကို ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်က မြန်မာနိုင်ငံက လိင်တူချစ်သူတွေကြား ခွဲခြားထားတဲ့ ပုဒ်မ ၃၇၇ ကို ဆန့်ကျင်ရိုက်ကူးထားတဲ့ ပထမဦးဆုံး စီးပွားဖြစ်ရုပ်ရှင်ဖြစ်လာခဲ့သလို ဟောလိဝုဒ်မှာ ပြသခဲ့တဲ့ ပထမဦးဆုံးဇာတ်ကားလည်း ဖြစ်လာခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် အကယ်ဒမီ ဇာတ်ကား စာရင်းဝင်ခဲ့ပေမဲ့ အကယ်ဒမီဆုကိုတော့ ဆွတ်ခူးနိုင်ခဲ့ခြင်း မရှိပါဘူး။

စီးပွားဖြစ်အနေနဲ့တော့ ပထမဦးဆုံးဇာတ်လမ်းရှည် ဒရမ်မာဇာတ်ကားဆိုပေမဲ့ စီးပွားဖြစ် မြန်မာ့ရုပ်ရှင်လောကမှာတော့ ဂေးဇာတ်ကောင်က ပထမဦးဆုံးအကြိမ် မဟုတ်ခဲ့ပါဘူး။ ၂၀၁၀ ပြည့်နှစ်ဝန်းကျင်က ဒါရိုက်တာကိုဇော် (အရုဏ်ဦး) ရိုက်ကူးထားတဲ့ ‘ပန်းသုံးပွင့်၏ ချစ်အိပ်မက်’ ဇာတ်ကားမှာလည်း အကယ်ဒမီရဲအောင်က ဂေးသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်က စီးပွားဖြစ် ရုံတင်ပြသနေတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာလို ဂေးဇာတ်ကောင်တွေကို ရယ်စရာဖြစ်အောင် သရုပ်ပျက်ဝတ်စားဆင်ယင်မှုတွေနဲ့ သရုပ်ဖော်ထားသလိုတော့ မဟုတ်ခဲ့ပါဘူး။

၂၀၁၄ ခုနှစ်က စတင်လို့ &Proud LGBT ရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံရဲ့ LGBT အခွင့်အရေးအဖွဲ့အစည်းဖြစ်တဲ့ Colors Rainbow က စတင်ကျင်းပခဲ့သလို အဲဒီနောက်ပိုင်းမှာလည်း LGBT လူထုအတွက် အသိပညာပေးနိုင်မယ့် ပန်းချီပြပွဲတွေ၊ ဓာတ်ပုံပြပွဲတွေ၊ ရုပ်ရှင်ပွဲတော်တွေကို ထည့်သွင်းကျင်းပလာခဲ့ကြတာ အခုအချိန်အထိပါပဲ။

စီးပွားဖြစ် မဟုတ်တဲ့ ပြည်တွင်း ရုပ်ရှင်ပွဲတော်တွေမှာတော့ LGBT အသိုင်းအဝိုင်းကို စာနာနားလည်ပေးနိုင်မယ့် ဇာတ်လမ်းတို၊ မှတ်တမ်းရုပ်ရှင်တွေ ဖန်တီးရိုက်ကူး ထုတ်လုပ်ပြသခဲ့ပေမဲ့ လက်ရှိအချိန်အထိတော့ ဇာတ်လမ်းရှည်အဖြစ် ထွက်ရှိလာခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်က “Different From Others” ရုပ်ရှင်ဇာတ်ကားကို ပြသလို့အပြီးမှာတော့ လိင်တူချစ်သူ (အမျိုးသမီးအချင်းချင်း) စုံတွဲတစ်တွဲအကြောင်း ရိုက်ကူးထားတဲ့ ဒါရိုက်တာ လဲ့လဲ့အေးရဲ့ တူနှစ်ကိုယ် (Soulmate) မှတ်တမ်းရုပ်ရှင်ဇာတ်လမ်းတိုကို ပြသခဲ့ပါသေးတယ်။ ဒီဇာတ်ကားကတော့ ချစ်စရာကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပေမဲ့ “Different From Others” နဲ့ ယှဉ်ရင်တော့ လိုအပ်ချက်တွေ အများကြီး ရှိနေပါသေးတယ်။

ဆိုလိုချင်တဲ့အဓိကအချက်ကတော့ LGBT လူထုအကြောင်း ဇာတ်အိမ်တည်ပြီး ဇာတ်လမ်းရိုက်ကူးတာ အရေးပါပေမဲ့ အဲဒီထက် ပိုမိုတိကျတဲ့အချက်အလက် အထောက်အထားတွေနဲ့အတူ LGBT လူထု အကြောင်းအခြေခံပြီး အပြောင်မြောက်ဆုံး လက်ရာတစ်ခုဖြစ်လာတဲ့အထိ အချိန်ပေးရိုက်ကူးပြသနိုင်မယ့် ရုပ်ရှင်တွေနဲ့ ပြည်သူလူထုရဲ့ ပုံသေတွေးခေါ်မှုတွေကို ပြောင်းလဲပေးနိုင်ဖို့ လိုအပ်ပါတယ်။

ဒါရိုက်တာ Richard Oswald ရဲ့ ၁၉၁၉ ခုနှစ်က “Different From Others” ဇာတ်ကားက စီးပွားဖြစ်ပြသမှုအရ အောင်မြင်ခဲ့ပေမဲ့ ဘာသာရေးအသိုင်းအဝိုင်းတွေက အကြမ်းဖက်နှောင့်ယှက်မှုတွေကြောင့် ၁၉၂၀ ပြည့်နှစ်မှာ အများပြည်သူကိုပြသဖို့ ပိတ်ပင်ခံခဲ့ရပါတယ်။

ဒါပေမဲ့ အဲဒီဇာတ်ကားရိုက်ကူးပြီး တစ်နှစ်အတွင်းမှာပဲ German Studio ကနေ sexual theme နဲ့ ဇာတ်လမ်းတို၊ ရှည် ၁၅၀ လောက်ကို ဖန်တီးထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒီမှာပြောချင်တာက မြန်မာရုပ်ရှင်ဒါရိုက်တာတွေအနေနဲ့ LGBT အကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ထုတ်လွှင့်ပြသတဲ့အခါ နယ်မြေခပ်ကျဉ်းကျဉ်းထဲကနေ ရုန်းထွက်နိုင်ဖို့ လိုအပ်ပြီး ပြည်သူလူထု အများဆုံးကြည့်ရှုအားပေးတဲ့ နေရာတစ်ခုထိရောက်အောင် လက်လှမ်းမီပြသနိုင်ဖို့ လိုအပ်တယ်ဆိုတာပါပဲ။

အချက်အလက်ပြည့်စုံတဲ့ ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကား ပြုလုပ်ပြီး လက်ရှိအသက်ဝင်နေသေးတဲ့ ဥပဒေကို ပြောင်းလဲပစ်နိုင်သလို အများပြည်သူရဲ့ တရားသေအတွေးအခေါ်တွေကိုလည်း ပြောင်းလဲပစ်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ လိင်တူချစ်သူတွေကို ‘သဘာဝကို ဆန့်ကျင်တဲ့ လိင်ဆက်ဆံခြင်း’ အရ ဥပဒေကို ချိုးဖောက်တယ်လို့ သတ်မှတ်ဆဲပါပဲ။ ဒါကြောင့် “Different From Others” လိုမျိုး လူ့ဘောင်အဖွဲ့အစည်းရဲ့ တရားသေအမြင်တွေကို ကိုင်လှုပ်နိုင်ဖို့ အရည်အသွေးရှိတဲ့ ရုပ်ရှင်ဇာတ်ကားမျိုးတွေ ထွက်ပေါ်လာဖို့ လိုအပ်နေဆဲပါပဲ။

copy @ myanmartimes