ရင့်ကျက်ခြင်း

ရင့်ကျက်တယ်၊ရင့်ကျက်တယ်၊ မရင့်ကျက်ဘူးဆိုတာ အသက်အရွယ်နဲ့ မဆိုင်ပါဘူးငယ်ငယ်လေးနဲ့ ရင့်ကျက်တဲ့လူတွေ ရှိသလိုအသက်ကြီးပေမဲ့လည်း ကလေးလေးလို တွေးတောပြုမူတဲ့လူလည်း တစ်ပုံကြီးရှိပါတယ်။ရင့်ကျက်တယ်ဆိုတာဘာကိုဆိုလိုတာလဲ၊ ဘာနဲ့တိုင်းတာမှာလဲအတိအကျ မရှိပါဘူး၊ ယေဘုယျအားဖြင့် ရင့်ကျက်မူ ရှိတဲ့လူများဟာသူများအတွက် စဉ်းစားပေးတတ်တယ်။ကိုယ့်ရဲ့ အမြင်၊ ထင်မြင်ယူဆချက်တွေနဲ့ တခြားလူကို အတင်းလက်မခံခိုင်းဘူး၊ကိုယ့်ကိုယ်ကို ဗဟိုမပြုဘူး၊ စသည်တို့ ပါဝင်ပါတယ်။ပုံမှန်အားဖြင့် အောက်ပါအားနည်းချက်များ ရှိနေသေးရင်ရင့်ကျက်မူ မလုံလောက်သေးဘူးလို့ သုံးသပ်လို့ရပါတယ်။

၁။ အခုရေတွင်းတူး၊ အခုရေကြည်သောက်ချင်တယ်။

ဘာပဲလုပ်လုပ်၊ အကျိုးအမြတ်ကို အရင်တွက်တယ်။ အနစ်နာခံဖို့ မပြောနဲ့၊အပိုအလုပ်ဆိုရင် ဖုန်တစ်စက်မှ မသုတ်နိုင်ဘူး၊ လက်ငင်းအကျိုးမခံစားရတဲ့အလုပ် လုံးဝမလုပ်ဘူး။တစ်ခုခုလုပ်ပြီ၊ အကျိုးအမြတ်မတွေ့ရင်၊ နည်းနည်း ခက်ခဲရင် ကြိုးစားခဲ့သမျှချက်ချင်းစွန့်လွတ်တယ်။အကြောင်းပြချက်ကလည်း စိတ်ပျက်စရာ ကောင်းလှပါတယ်။ “ မပျော်လို့ပါ ”တဲ့၊ကြာတော့ ဟိုဟာလည်း စွန့်လွတ်၊ ဒီဟာလည်း စွန့်လွတ်နဲ့စွန့်လွတ်တာ အကျင့်တစ်ခုဖြစ်လာပါတော့တယ်။ဒီလိုလူများဟာ နေ့ချင်းညချင်း ချမ်းသာချင်ကြတယ်။

အလုပ်ကို ဘယ်လိုကောင်းအောင် လုပ်မလဲဆိုတာထက်ကံကို ဘယ်လိုကောင်းအောင် စီမံမလဲ ဆိုတာကို ပိုစဉ်းစားတယ်။ပိုလည်း ယုံကြည်တယ်။ ဗေဒင်တွေ၊ လက္ခဏာတွေကို ပိုယုံကြည်ကြတယ်။သူတို့ ထီပေါက်ချင်ကြတယ်။ အစိုးရထီက ကြာတော့နှစ်လုံးထီ၊ သုံးလုံးထီထိုးကြတယ်။ အတိတ်နိမိတ် တွေရဖို့ နည်းပေါင်းစုံရှာကြံကြတယ်။နောက်ဆုံးတော့ အသက်ပဲ တဖြည်းဖြည်း ကြီးသွားပြီးဘာမှ မယ်မယ်ရရ မလုပ်ဖြစ်ခဲ့ပါ။

၂။ ကိုယ့်ကိုယ်ကို ပြုပြင်ရန် ငြင်းဆန်ခြင်း

အမှန်တော့ လူလူချင်းဆိုတာ အရည်အချင်း အကွာကြီး မဟုတ်ပါ။ကွာခြားတာက စဉ်းစားတွေးခေါ်တဲ့ပုံစံပါ။ရင့်ကျက်တဲ့လူများဟာ အများအားဖြင့် မိမိကိုယ်မိမိ ဆန်းစစ်ကြပါတယ်။ပြီးရင် ပြုပြင်ကြပါတယ်။ သူများကိုလည်း အတုယူကြပါတယ်။သူများကို အတုယူတယ်ဆိုတာ ပုံတူကူးချတာမျိုး မဟုတ်ပဲသူများ စဉ်းစားပုံကိုပါ အတုယူပါတယ်။

ကိုယ့်ကိုယ်ကို ပြုပြင်ဖို့ ဆိုတာ လုံးလရှိရပါတယ်။ ဇွဲရှိရပါတယ်။မိမိ ဇိမ်ကျနေတဲ့ ပုံစံကို တွန်းလှန်ရပါမယ်။ တီဗွီကြည့်မယ်။ ဖုန်းပွတ်နေမယ်။လ္ဘက်ရည်ဆိုင်ထိုင်မယ်။ ဂိမ်းဆော့နေမယ်။ ဘီယာသောက်နေမယ်။စသည့်အပြုအမူဟောင်းအားလုံးကို စွန့်ခွာရဲ ရပါမယ်။

၃။ အပျက်သဘော ဆောင်သော အကျင့်များရှိနေခြင်း

က။ အတင်းတုတ်တတ်တဲ့အကျင့် ရှိခြင်း

လူဆိုတာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ကိုယ့်တန်ဖိုးကိုကိုယ်ပြသနေတာ ဖြစ်တယ်ဆိုတဲ့စကား ဖတ်ရူ့ မှတ်သားဖူးပါတယ်။ဒါပေမဲ့ ကိုယ့်တန်ဖိုး ကို ဘယ်လိုပဲ ပြသပြသ သူများကို မစတေးရပါ။သူများအားနည်းချက်၊ သူများကို မကောင်းကြောင်း ကိုမြိန်ရေရှက်ရေ ပြောပြီးကိုယ်မှန်တာ၊ ကိုယ်တော်တာကို သက်သက်ပြစရာ မလိုပါ။

သင့်နားကို မကောင်းကြောင်းလာပြီး အတင်းတုတ်တဲ့လူရှိရင်လည်း ရှောင်ပေးလိုက်ပါ။ရှောင်လို့မကောင်းရင် စကားလမ်းကြောင်းလွှဲလိုက်ပါ။

ခ။ အပျက်သဘောဆောင်ခြင်း၊ အနူတ်လက္ခဏာရှိခြင်း

သူများကို ကြည့်လို့မရဘူး၊အထူးသဖြင့် ကိုယ့်ထက်အဆင်ပြေနေတဲ့လူများကို စိတ်ထဲမှာကြိတ်ပြီးအမြင်ကပ်နေတတ်တယ်။ face book ကိုအသုံးပြုလိုက်ရင်လည်း ဟိုသူ့ကိုဆဲလိုက်၊ဒီလူ့ကိုဆဲလိုက်နဲ့ အလုပ်ရူတ်နေတတ်တယ်။မိသားစုဝင်မကောင်းဘူး၊ သူငယ်ချင်းမကောင်းဘူး၊ အိမ်ထောင်ဘက် မကောင်းဘူး၊ဟိုလူကြီးမကောင်းဘူး၊ ဒီလူမျိုးယုတ်မာတယ်။ အရင် အစိုးရ ဘာဖြစ်တယ်။

အခုအစိုးရလည်း မကောင်းဘူး၊ စီးပွားရေး ဘာဖြစ်တယ်။ ပညာရေး ဘာဖြစ်တယ်။ခြုံငုံသုံးသပ်ကြည့်လိုက်ရင် ကိုယ်က လွှဲရင် တစ်ခုမှ မကောင်းဘူး၊

ဂ။ စိတ်လိုက်မာန်ပါ တုန့်ပြန်တတ်ခြင်း

စိတ်ကြီးတယ်။ သောသကြီးတယ်။ အဲဒီစိတ်ကြီးတာကိုလည်း ဂုဏ်ယူလိုက်သေးတယ်။တစ်ခုခု အလိုမကျရင် စိတ်လိုက်မာန်ပါ တုန့်ပြန်တတ်တယ်။ကျေနပ်လွယ်သလို ထိလွယ်ရှလွယ်တယ်။ စိတ်ခုစိတ်ကောက်လွယ်တယ်။

၎။ ကိုယ့်ကိုယ်ကို အထင်ကြီးတယ်။ သင်ယူရန်ငြင်းဆန်တယ်။

ရောဂါအားလုံးထဲမှာကိုယ့်ကိုယ်ကို အထင်ကြီးတဲ့ ရောဂါဟာ ကြောက်စရာအကောင်းဆုံးပါ။ကုသရန်လည်း အခက်ခဲဆုံးပါ။ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့လူဟာ အတွေးအမြင်သစ်ကို လက်ခံဖို့ မဖြစ်နိုင်တော့ပါ။တိုးတက်မူ ရပ်ဆိုင်းသွားတဲ့လူများ ဖြစ်ကြပါတယ်။ကိုယ့်ကိုယ်ကို အထင်ကြီးခြင်းဟာလည်း မရင့်ကျက်တဲ့ လက္ခဏာ တစ်မျိုးပါ။

၅။ ယုံကြည်ချက်နဲ့ အလုပ်မလုပ်ဘူး၊ သူပြောကိုယ်ပြော အရမ်းယုံလွယ်ခြင်း

ဘေးပြောတာ အရမ်းအယုံလွယ်တဲ့လူများဟာ ဘာလုပ်လုပ်သူများအမြင်ကို အလွန်အလေးထားတတ်တယ်။သူများလွယ်လွယ်နဲ့ ပေးလိုက်တဲ့မှတ်ချက်ကို အမှန်တရားလို့ ထင်မြင်တတ်တယ်။ဒီလိုလူများဟာ ဘာလုပ်လုပ် အောင်မြင်ရန် မလွယ်ကူပါ။သူများအမြင်၊ သူများရဲ့ အကြံပြုချက်များကို လုံးဝနားမထောင်ဖို့ ပြောတာမဟုတ်ပါ။

ဆုံးဖြတ်ချက်တစ်ခု ချတော့မယ်ဆိုရင် သူများအမြင်နဲ့အကြံပြုချက်များကို ကိုးကားအသုံးပြု ဆုံးဖြတ်နိုင်ပါတယ်။လုံးလုံး အားကိုးတာမျိုး မဖြစ်သင့်ပါ။တစ်ဘက်မှာ ကိုယ့်ကိုယ်ကို အလွန် ဂုဏ်ယူကြသလိုတစ်ဘက်မှာ ကျတော့ ထိလွယ်ရှလွယ်တယ်။ သိမ်ငယ်တယ်။ကိုယ့်ကိုယ်ကို ယုံကြည်မူ မရှိဘူး၊ဒါတွေအားလုံးဟာ မရင့်ကျက်သေးတဲ့ လက္ခဏာများပါ။

Credit: Aung Ko Latt