စည်းမျဉ်းတင်းကျပ်မှုအားနည်းတဲ့ငွေချေးလုပ်ငန်းကဏ္ဍနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်တက်လာ ချိန်မှာ တက္ကသိုလ်ကျောင်းသားတွေကိုပစ်မှတ်ထားတဲ့ ငွေထုတ်ချေးသူတွေကို တရုတ်အစိုးရက စတင် ဖြိုခွင်းနေတယ်လို့ သိရပါတယ်။ မကြာသေးခင်ကထုတ်ပြန်ခဲ့တဲ့ဘေဂျင်းအစိုးရရဲ့ညွှန်ကြားလွှာတစ်ခုထဲမှာ ကျောင်းသားတွေ ငွေချေးယူ အောင် ဆွဲဆောင်တဲ့လုပ်ရပ်အားလုံးကိုရပ်တန့်ကြဖို့ ငွေထုတ်ချေးသူတွေကို ညွှန်ကြားထားပါတယ်။

သည်လုပ်ငန်းကဏ္ဍမှာ ကိုယ်လုံးတီးဆယ်ဖီပုံတွေကို အပေါင်ခံပစ္စည်းအနေနဲ့ တောင်းယူတာအပါအဝင် အဆမတန်အတိုးနှုန်းရယူတာတွေနဲ့ မနှစ်မြို့ဖွယ်လုပ်ဆောင်မှုတွေပေါ်လာပြီးနောက် အခုလိုမျိုး ညွှန်ကြားချက်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ အွန်လိုင်းကနေ အချင်းချင်း ငွေချေးတဲ့စနစ်ဟာ လတ်တလောနှစ်ပိုင်းအတွင်း တရုတ်မှာခေတ်စားလာ ခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ “wang dai” လို့သိကြတဲ့ သူစိမ်းတွေက အခြားသူတွေကို ဝက်ဘ်ဆိုက်တွေနဲ့ ဖုန်းအပလီကေးရှင်းတွေကနေတဆင့် အသေးစားချေးငွေတွေထောက်ပံ့ပေးနေတာမျိုး ဖြစ်ပါတယ်။

တရုတ်ဘဏ်လုပ်ငန်း၊ ပညာရေးနဲ့လူမှုဘဝလုံခြုံရေးအာဏာပိုင်တွေက ညွှန်ကြားချက်ထုတ်ပြန် လိုက်တယ်လို့ သောကြာနေ့ ကျန်းရှိပြည်နယ်အစိုးရက သူတို့ရဲ့ဝက်ဘ်ဆိုက်မှာထုတ်ပြန်ထားပါတယ်။ အဆမတန်အတိုးနှုန်းရယူပြီး ငွေချေးငှားနေတာတွေနဲ့ တက္ကသိုလ်ကျောင်းသားတွေ ဘေးကင်းရေးကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်တဲ့ အပြုအမူတွေကိုကိုင်တွယ်ဖြေရှင်းဖို့အတွက် စည်းကမ်းထိန်းသိမ်းတဲ့ နည်းလမ်းတွေကိုလုပ်ဆောင်ဖို့လိုအပ်နေပြီလို့ ဆိုပါတယ်။ မကြာသေးခင်နှစ်တွေအတွင်း ငွေထုတ်ချေးသူတချို့နဲ့အတိုးပေးစားသူတွေဟာ ချေးငွေကိုမြန်မြန်နဲ့ လွယ်လွယ်လိုအပ်နေတဲ့ တက္ကသိုလ်ကျောင်းသားတွေကို စတင်ပစ်မှတ်ထားလာခဲ့ပါတယ်။

အတိုးနှုန်းမြင့်မားလွန်းတာကြောင့် အတောမသတ်နိုင်တဲ့ အကြွေးသံသရာထဲမှာ ကျောင်းသားအချို့ဟာ သားကောင်တွေဖြစ်ကြရပါတယ်။ တချို့အဖြစ်တွေမှာ ငွေထုတ်ချေးသူတွေက ငွေချေးယူသူတွေကို ကိုယ်ဗလာကျင်းပုံတွေကို ရိုက်ပြီး မှတ်ပုံတင်ကတ်ပြားနဲ့အတူ အပေါင်အာမခံပစ္စည်းအနေနဲ့ပေးပို့ပေးဖို့ညွှန်ကြားတာမျိုးတွေရှိပါတယ်။

တကယ်လို့ကျောင်းသားက ငွေကိုပြန်ဆပ်ဖို့ ပျက်ကွက်ခဲ့ပါက သူတို့ရဲ့ပုံတွေကို ဖြန့်လိုက်မယ်လို့ ခြိမ်းခြောက်တတ်ပါတယ်။ ဒီဇင်ဘာလက အွန်လိုင်းမှာ ငွေချေးယူသူ ကျောင်းသူ ၁၀၀ ကျော်ရဲ့ ကိုယ်ဗလာကျင်းပုံတွေနဲ့ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေဖော်ပြခံခဲ့ရပြီးနောက် ပြည်သူတွေအကြားမှာ ရုတ်ရုတ်သဲသဲဖြစ်ခဲ့ကြပြီး တရားမဝင်စီးပွားရေးလုပ်ငန်းတွေကို မီးမောင်းထိုးပြလိုက်သလိုဖြစ်ခဲ့ပါတယ်။

 

Author:မအေးသီမွန်

REF:BBC

Credit:Kumudra