ကမ္ဘာ့လူဦးရေရဲ့ တစ်ဝက်ခန့်ကို ကူးစက် ခြိမ်းခြောက်နေတဲ့ သွေးလွန် တုပ်ကွေးရောဂါကို ကာကွယ်နိုင်ပါတော့မယ်။ ကမ္ဘာ့ ပထမဦးဆုံး သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ်ဆေးကို မက္ကဆီကိုနိုင်ငံမှာ စတင် ဖော်စပ်ဖို့ ပထမ ခြေလှမ်း စတင်လိုက်ပါပြီ။

Dengvaxia လို့အမည်ပေးထားတဲ့ ဒီဆေးဟာ ပေါ်တူဂီ၊ ပြင်သစ်၊ ဖလော်ရီဒါနဲ့ ဂျပန်တို့မှာ လက်ရှိ မြင့်မားစွာ ရင်ဆိုင် ကြုံတွေ့နေ ရတဲ့ သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ပိုး ၄ မျိုးစလုံးကို ကာကွယ်နိုင်မှာဖြစ် တယ်လို့ ပြင်သစ် အခြေစိုက် ကာကွယ်ဆေး ဌာနမှ Olivier Charmeil က ပြောပါတယ်။ လက်တင် အမေရိက၊ အာရှ၊ အာဖရိကနဲ့ ကမ္ဘာ့ နေရာ တော်တော်များများမှာ ယခုနှစ် အတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု ထောင်ပေါင်းများစွာ ရှိခဲ့ပါတယ်။

သွေးလွန်တုပ်ကွေး ကာကွယ်ဆေး Dengvaxia ကို ဖော်ထုတ်နိုင် ဖို့ နှစ်ပေါင်း ၂၀ ကြာ အချိန်ယူခဲ့ရပြီး ယူရို ၁.၅ ဘီလီယံ (ကန်ဒေါ်လာ ၁.၆၅ ဘီလီယံ) ကုန်ကျခဲ့ရပါတယ်။ နိုင်ငံပေါင်း ၁၉ နိုင်ငံခန့်ရဲ့ သဘောတူညီ ချက်ကိုလည်း ရယူထားပြီး ဖြစ်ပါတယ်။ Dengvaxia ကို ရောင်းရငွေဟာ ၂၀၂၀ ခုနှစ်မှာ ကန်ဒေါ်လာ ၁.၄ ဘီလီယံခန့် ရရှိနိုင်တယ်လို့ ခန့်မှန်းထားပြီး ဈေးနှုန်းကိုတော့ သင့်တင့် မျှတတဲ့ ဈေးနှုန်း ဖြစ်အောင် သတ်မှတ်မှာ ဖြစ်ပါတယ်။ နိုင်ငံတချို့ကိုတော့ အခမဲ့ ဖြန့်ဝေပေးမှာဖြစ်ပြီး အသက် ၉ နှစ်အောက် ကလေးငယ်တွေကိုတော့ ကာကွယ်ဆေးထိုးလို့ မရဘူးလို့ဆိုပါတယ်။

သွေးလွန်တုပ်ကွေး ရောဂါဟာ သွားဖုံး သွေးယိုခြင်း၊ အော့အန်ခြင်း၊ အသက် ရှူမြန်ခြင်း နဲ့ ၀မ်းဗိုက်အောင့်ခြင်း စတဲ့ လက္ခဏာတွေဖြစ်ပေါ်တတ်တဲ့ အဖျားရောဂါ တစ်မျိုးဖြစ်ပြီး အသက်အန္တရာယ် ရှိနိုင်ပါတယ်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့သတင်း ထုတ်ပြန်ချက်အရ သွေးလွန်တုပ်ကွေး ကူးစက်သူ နှစ်စဉ် သန်း ၃၉၀ ခန့်ရှိတယ်လို့ သိရပါတယ်။

စံဝန်းနီ(ရိုးရာလေး)